Thursday, March 31, 2011

ကျမနဲ့ဈေးဝယ်ခြင်း

ပုဇွန်ထုပ်
ဘာပုဇွန်ခေါ်လဲမသိဘူး
 
ပိန်းဥနဲ့ပုဇွန်အချိုချက်

ပဲသီးကြက်ဟင်းခါးသီးမျှစ်နဲ့ပုဇွန်ကြော်

သရက်သီးထောင်းချဉ်စပ်     

ထမင်းစားပွဲ၊ဟင်းမစုံသေးဘူး၊ခဏစောင့်အုံးနော်
 ကျမတို့အိမ်ထောင်ကျခါစတုန်းကကျမတို့ဇာတိအညာမြို့လေးမှာနေပါတယ်။အဲဒီမြို့လေးမှာအစားအသောက် တွေ၊ဟင်းသီးဟင်းရွက်တွေအရမ်းပေါပါတယ်။ဆွေမျိုးမိသားစုတွေလည်းရှိနေတယ်လေ။ ကျမကအဲဒီမြို့လေး မှာမွေးပေမဲ့၊တခြားတနေရာမှာကြီးခဲ့တာပါ။ဒါပေမဲ့နွေရာသီကျောင်းပိတ်ရက်တိုင်းအဖွားတွေအဒေါ်တွေရှိ တဲ့အဲဒီမြို့လေး ကိုပြန်ရောက်ဖြစ်တယ်။ကျမအိမ်ထောင်ပြုတဲ့အချိန်မှာဘာဟင်းမှမချက်တတ်သေးပါဘူး။
ယောက္ခမအိမ်မှာလိုက်နေပြီးယောင်းမကချက်ပါတယ်။တလလောက်နေတော့အိမ်ခွဲပြီးကိုယ့်ဟာကိုယ်ချက်
စားရပါတယ်။ကျမကဈေးလည်းမဝယ်တတ်ပါဘူး။ဈေးဆစ်ရမှာလည်းရှက်ပါတယ်။ဈေးသည်အော်ခံရမှာ
လည်းကြောက်ပါတယ်။အိမ်ရှေ့ကသွားတဲ့ဈေးသည်ကိုလည်းအော်မခေါ်ရဲပါဘူး၊ကျမအသံကိုသူများတွေ
ကြားသွားမှာရှက်ပါတယ်။အဲ့ဒီလိုနဲ့အိမ်ထောင်ကျခါစကဈေးသွားရင်အမျိုးသားကိုခေါ်သွားရပါတယ်။
သူကအဲဒီမှာကျောင်းပြီးကတည်းကဆေးခန်းဖွင့်နေတာ၂နှစ် လောက်ရှိပြီဆိုတော့ဈေးသည်တွေကသူ့ကို
သိနေကြပါတယ်။ဈေးကလည်းဆေးခန်းရှေ့တင်လမ်းကူးလိုက်ရင်ရောက်ပြီ။အဲဒါကိုပဲကျမမှာတယောက်ထဲ
 သွားရဲဖြစ်နေတာ။
တနေ့တနေ့လည်းဘာချက်ရမလဲစဉ်းစားရတာမောနေတာ။အိမ်ခွဲနေပြီးကျမပထမဦးဆုံချက်တဲ့ဟင်းက
ချဉ်ပေါင်ရွက်ချဉ်ဟင်း၊ပဲပုတ်ချက်နဲ့ငါးကြော်ပါ။အဲဒီမှာချဉ်ဟင်းအတွက်ဝယ်ရင်ရန်ကုန်လိုမဟုတ်ပါဘူး။
ချဉ်ပေါင်ရွက်၊ခရမ်းသီးတလုံး၊ဖရုံသီးနုတစိတ်၊မျှစ်ပြုတ်နဲနဲ၊နံနံမြိတ်(နံနံပင်ကိုခေါ်တာပါ)၊ငြုပ်သီးစိမ်း၂တောင့် လောက်အစုံတခါထဲပါပါတယ်။ချဉ်ရွက်စုံဘယ်လောက်ဖိုး၊အဲလိုပြောပြီးဝယ်ရပါတယ်။ပဲပုတ်ကလည်းအင်
ဖက်နဲ့ထုတ်ထားတဲ့အစိုပါ။အဲဒီပဲပုတ်ကိုကျမသိပ်ကြိုက်ပါတယ်။ခရမ်းချဉ်သီးများများငြုပ်သီးစပ်စပ်နဲ့ချက်
တဲ့၊ပြီးနံနံပင်အုပ်ထားတဲ့ပဲပုတ်ချက်ကိုထမင်းနဲ့အားရပါးရနယ်ပြီး၊မျှစ်ပြုတ်ရုံးပတီသီးပြုတ်တို့နဲ့များစား
လိုက်ရရင်ကောင်း မှကောင်းပေါ့။ရေးရင်းနဲ့တောင်စားချင်လာတယ်။ကျမချက်တာလည်းတူးလိုက်ပေါ့လိုက်
 ငံလိုက်ပေါ့။အမျိုးသားကတော့ကျမလက်ရာကိုတခါမှအပြစ်မပြောပါဘူး။ကျမကလည်းဦးကြီးပုစာအုပ်လေး
ဖတ်၊ဟိုလူ့မေး၊ဒီလူ့မြန်းနဲ့ချက်ရတာပေါ့။အခုလိုကိုယ်စားချင်တာဝယ်ချင်တိုင်းဝယ်မရတဲ့နေရာကိုရောက်
မှဝယ်ချင်စရာတွေပေါတဲ့အဲဒီဈေးလေးကိုလွမ်းနေမိတယ်။နောက်တော့ထမင်းဆိုင်မှာချိုင့်ဆွဲစားဖြစ်လိုက်၊
ကိုယ်ဟာကိုယ်ချက်စားလိုက်နဲ့ပေါ့။
နောက်ကျမတို့ရန်ကုန်ပြောင်းပြီးတော့၊ဘိုကလေးဈေးမှာဝယ်ပါတယ်။အဲဒီဈေးလည်းဝယ်လို့အရမ်းကေင်း
ပါတယ်။နောက်တော့ဈေးတယောက်ထဲ မသွားရဲတဲ့ကျမ တယောက်ထဲလည်းသွားရဲပြီးဈေးဝယ်ရတာပျော်
လာပါတယ်။ချက်ရေးပြုတ်ရေးလည်းအတော် ကျွမ်းကျင်လာပါတယ်။ဒီနိုင်ငံရောက်တော့လည်း supermarket တွေမှာဝယ်ရတာထက်၊wetmarket တွေမှာဝယ်ရတာကိုပိုပြီးကြိုက်ပါတယ်။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက် တွေပိုပြီးရတတ်တယ်။ဒီနိုင်ငံမှာချဉ်ပေါင်သီးတွေရောင်းပေမဲ့ချဉ်ပေါင်ရွက်ကိုဝယ်မရပါဘူး။သူတို့လူမျိုးက
အသီးကိုဂျင်း၊ဆားနဲနဲ၊သကြားထည့်ကြိုပြီးဖျော်ရည်သောက်ကြတာ။အသီးခူးပြီးရင်အပင်တွေခုတ်ပြီးပစ်
လိုက်တာတဲ့။အဲဒီအရွက်တွေရောင်းပါဆိုတော့ဘာလုပ်ဖို့လဲတဲ့။ဟင်းချက်စားဖို့ဆိုတော့ရီကြတယ်။
အဲဒီလိုနဲ့ချဉ်ပေါင်ရွက်ဝယ်မရပါဘူး။
တနေ့ကလည်းကျမတို့ခြံဝင်းထဲက ဒန့်သလွန်ပင်မှာအမျိုးသားနဲ့ကျမဒန့်သလွန်သီးတွေခူးနေတုန်း လူမဲ တယောက်ကအဲဒါဘာလုပ်ဖို့လဲ၊ကစားဖို့လားတဲ့မေးပုံက။မဟုတ်ဘူးဟင်းချက်စားဖို့ဆိုတော့မစားနဲ့တဲ့
အဆိပ်ဖြစ်လိမ့်မယ်တဲ့။မဖြစ်ပါဘူးငါတို့စားနေကြလို့ပြောတာ့ It is funny ဆိုပြီးရီပါလေရော။
စနေနေ့ကပုဇွန်စားချင်လို့ဈေးသွားတော့ပုဇွန်မရခဲ့ပါဘူး။ပုဇွန်သည်က Wednesday လာပို့မယ်ပြောပါတယ်။ မနေ့ကညနေကလာပို့သွားပါတယ်။အဲဒီလိုနဲ့ဈေးဝယ်ခြင်းအကြောင်းရေးနေတဲ့ငွေစန္ဒာဟင်းချက်ခြင်းအ
ကြောင်းဆီရောက်သွားပါတော့မယ်။ငွေစန္ဒာတယောက်ခုတော့ဈေးဝယ်တာကျွမ်ကျင်သွားပါပြီဆိုတာနဲ့
ဈေးဝယ်ခြင်းကိုရပ်နားပါအုံးမယ်။ကဲဟင်းချက်ကြပါစို့နော်။
ပုဇွန်အကောင်၃၀လောက်ကိုရေဆေးပြီးအခွံခွါပါတယ်။ပိန်းဥ၃လုံးကိုလည်းအခွံခွါရေဆေးပြီးအနေတော်စိတ်
ထားပါ။ကြက်သွန်နီ ၁ ဥ၊အဖြူ ၃မွှာလောက်ကိုကြိတ်ပြီးအိုးတလုံးထဲမှာထည့်ဆီဟင်းခတ်ဇွန်း၁ဇွန်း၊ဆား
သင့်တော်ရုံနဲ့ပိန်းဥထည့်ပြီးရေလေးနဲနဲနဲ့အရင်လုံးပါကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုမှရေလိုသလောက်ထည့်

ပါတယ်။ပိန်းဥနူးပြီဆိုရင်ပုဇွန်အကောင်၂၀ကိုထည့်ပြီးအဖုံးခဏအုပ်ထား၊ပုဇွန်လေးတွေကွေးပြီးရဲလာရင်ပင်
စိမ်းထည့်ပြီးမီးပိတ်လို့ရပါပြီ။ဆနွင်း၊အရာင်မှုန့်မထည့်ပါဘူး။ပုဇွန်ကြောင့်ဟင်းအရောင်နီသွားတာပါ။ပိန်းဥနဲ့
ပုဇွန်အချိုချက်လေးပေါ့။
ခုနခွါပြီးသားကျန်တဲ့ပုဇွန်၁၀ကောင်ကိုမျှစ်နဲ့ရောကြော်ပါမယ်။ကြက်သွန်ဖြူနီကိုဆီသတ်ပြီးနွမ်းသွားရင်မျှစ်ကို
အရင်ထည့်ကြော်ပါ။ကျမကပဲသီးနဲနဲ၊ကြက်ဟင်းခါးသီး၃တောင့်ကျန်နေတာရှင်းချင်တာနဲ့လှီးထည့်လိုက်ပါ

သေးတယ်။ဟင်းသီးတွေနူးပြီဆိုမှပုဇွန်ကိုထည့်ကြော်ပါတယ်။ပုဇွန်လေးတွေကခဏဆိုကျက်ပါတယ်။ပုဇွန်ကို
အကြာကြီးချက်ရင်မာသွားတတ်လို့၊ကျမပုဇွန်ချက်ရင်ခဏပဲချက်ပါတယ်။
အစပ်အတွက်တော့ခုဏကအမှိုက်သွားသွန်ရင်းခူးလာတဲ့သရက်သီးစိမ်းတွေကိုထောင်းပါမယ်။သရက်သီး

တွေကိုအခွံခွါပါးပါးလှီးပြီးဆား၊ပုဇွန်ခြောက်၊မြေပဲဆံ၊ငြုပ်သီးစိမ်း၊ကြက်သွန်ဖြူ၃မွှာလောက်ပါထည့်ပြီးစက်နဲ့
 ကြိတ်ညက်ရင်ကြက်သွန်နီပါးပါးလှီးထားတာနဲ့ဆီစိမ်းထည့်ပြီး နယ်လိုက်ရင် သရက်သီးထောင်းချဉ်စပ်လေး
ရပြီပေါ့။ဒီကသရက်သီးတွေကသိပ်မချဉ်တာမို့ငပိမထည့်တော့ပါဘူး။
ပိန်းဥနဲ့ပုဇွန်အချိုချက်၊ပဲသီးကြက်ဟင်းခါးသီးမျှစ်နဲ့ပုဇွန်ကြော်၊သရက်သီးထောင်းချဉ်စပ်လေးနဲ့ထမင်းဝင် စားသွားပါအုံးလား၊အားမနာနဲ့လေ။ပုဇွန်ကလတ်လတ်ဆတ်ဆတ်မို့ချိုနေတာပဲ၊စားလို့အရမ်းကောင်းပါတယ်။

15 comments:

  1. မိုက်တယ် အကုန်ကြိုက်၏
    ကိုယ့်တွက်တော့ ဗူးကြီးကြီးနဲ့သာထည့်ပေး
    အားမနာတော့ဖူးနော့း) ဒီနေ့ အိမ်မှာ
    ကြောင်ရှာသီး ကြော်မလို့ စားမလား :)
    ဒါနဲ့ အွန်လိုင်းကနေ ဘယ်လိုမှာ ရလည်းတော့ မသိဘူးရယ်
    တခါမှမမှာဖူးဘူး ကိုယ့်ကိုတော့ မာမီနဲ့ မေမေပဲ ပို့ပေးနေကျဆိုတော့လေ
    မင်းသီလတို့ ဘာတို့မှာ မေးကြည့်ပါလား။ မရနိုင်တာဆိုပြောလေ
    ပို့ပေးမယ် စာရင်းသာလုပ်ပြီးပေးလိုက် :)

    ReplyDelete
  2. ဟိုက်.. မမဘေဘီ အကုန် သယ်သွားပြီဆိုတော့ ကျန်ပါ့ဦးမလား.. ပုစွန်ဟင်းတွေ စားချင်တယ်ဗျို့ .. ပုစွန်ဈေး (ပုစွန်ရောင်းတဲ့ဆိုင်) သွားရမှာပျင်းတာနဲ့ မချက်ဖြစ်တာ.. အခုတော့ ဒီမှာတွေ့တာ အတော်ပဲ ဖြစ်သွားတယ်.. စား (ငေး) သွားတယ်.. :)

    ReplyDelete
  3. ကျေးဇူးတင်တယ်ဘေဘီရေ၊ဗူးကြီးကြီးနဲ့ထည့်
    ပေးမှာပေါ့။
    ကြောင်ရှာသီးကြော်စားချင်တာပေါ့အေ၊
    ဘယ်လိုလုပ်ရပါ့။မစားရတာ၆နှစ်ရှိပြီ။
    ဘဘီကကံကောင်းတယ်။ပို့ပေးမဲ့သူလည်းရှိ၊
    ဝယ်လို့လည်းလွယ်။
    ဒီနိုင်ငံကပို့ဖို့လည်းမလွယ်။ဝယ်လို့လည်းမရ။
    ငွေစန္ဒာလေးသနားစရာ။

    ReplyDelete
  4. ဆန်းနီရေ ပုဇွန်တွေအများကြီးပဲ ယူသွားလို့ရပါတယ်။

    ReplyDelete
  5. ဈေးဝယ်တဲ့အကြောင်းလေးတွေလာဖတ်သွားတယ် အစ်မရေ။ အိမ်မှာလဲပုဇွန်ချက်ရင် မြန်မြန်ချက်ရတယ်။ မာသွားမှာစိုးလို့လေ

    ReplyDelete
  6. ချော(အစိမ်းရောင်လွင်ပြင်)April 1, 2011 at 1:48 AM

    ပုဇွန်က ကြက်ဟင်းခါးသီးနဲ့ ရောလိုက်တော့ ခါးမသွားဘူးလား
    ပိန်းဥနဲ့ချက်တာလည်း စားဖူးဘူးရယ်..
    သရက်သီးလေးနဲ့ဆို ထမင်းက သိပ်စားကောင်းမှာဘဲ.
    ခုတော့လည်း အိမ်ရှင်မ ကောင်းကောင်းကြီး ဖြစ်သွာံးပြီမဟုတ်လားနော်

    ReplyDelete
  7. ဝါးးးးးး စားချင်လယ်...နည်းနည်းလောက် ကျွေးပါလားမမ..အဟီး
    ဗိုက်ဆာလယ်.....
    ကောင်းသောနေ့လေး ဖြစ်ပါစေမမရေ...

    ReplyDelete
  8. ပုဇွန်စားချင်နေတုန်းဖတ်လိုက်ရတာအရသာရှိလိုက်တာနော်

    ReplyDelete
  9. ပုစွန်ထုပ်တွေ ကောင်းလိုက်တာ:)

    စူးနွယ်လေး

    ReplyDelete
  10. ပုဇွန်တွေမိုက်တယ်ကွာ။
    ပိန်းဥတော့ သိပ်မကြိုက်ဘူး။ အမေကအရမ်းကြိုက်လို့ အမေ့ကို တော့ခဏခဏချက်ကျွေးဖြစ်ခဲ့ပါတယ်။ အမေ့ကိုတောင်သတိရသွားပြိ။
    အဲဒီလို ပုဇွန်တွေစားဘို့ အသာထား တွေ့ တောင်တွေ့ ရတာမဟုတ်ဘူး။ ဒီမှာက ခပ်ဖြူဖြူတွေဘဲ။ အားပေးသွားပြီ။
    အိုင်အိုရာ

    ReplyDelete
  11. အစ်မငွေစန္ဒာ အိမ်ထောင်ကျခါကစ ဈေးသည် ကိုတောင် လှမ်း အော် မခေါ်ရဲတာ တော်တော် ရှက်တတ်တာပဲနော်။ အခုတော့လည်း အစ်မ ခင်ပွန်းအတွက်၊ သမီးလေး အတွက်နဲ့ ဈေးဝယ်လည်း ကျွမ်း၊ အချက်အပြုတ်လည်း တော်နေရောပေါ့။ အဲ့ဒီလို ပုဇွန်ထုတ်ကြီးတွေ စားချင်လိုက်တာ။ ဒီမှာ အဲ့လို လတ်လတ်ဆတ်ဆတ် ၀ယ်မရဘူး။ ပြီးတော့ ရို့စ်က ပုဇွန်ဆို ခေါင်းကို သိပ်ကြိုက်တာ။ ခေါင်းတွေ ဖြုတ်ပြီးသားတွေ ရောင်းတယ်။ စိတ်ကုန်တယ်း(

    ReplyDelete
  12. ပုစွန်ထုပ်ကြီး ကြည့်ပြီး သွားရည်ထုပ်ကြီး ကျတယ်ဗျာ။
    သရက်သီး ချဉ်စပ်ကိုလည်း ကြည့်ရော တောက်တောက်ကို ယိုတော့တာပဲ။
    လမ်းမှာ တွေ့ရင် ဟင်းတစ်ခွက်လောက် လိုက်တောင်းဦးမယ်။

    ReplyDelete
  13. လာရောက်အားပေးကြသူအားလုံးမင်္ဂလာပါ။ကျန်းမာပျော်ရွှင် စားကောင်းကြပါစေရှင်။

    ReplyDelete
  14. ပုဇွန် ကြိုက် ပိန်းဥ မကြိုက် ကြက်ဟင်းခါး ကြိုက်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  15. မမရွှေစင်ရေလာလည်တာကျေးဇူးပါနော်

    ReplyDelete