Monday, August 29, 2011

ကောင်းမှုကုသိုလ်များကိုရေစက်ချအမျှပေးဝေခြင်း






၀၁၁ ခုနှစ် ၊ ဇူလှိုင်လ ၊ ၄ရက် တနလာင်္နေ့က ဘဝတစ်ပါးသို့ကူးပြောင်းသွားသော ငွေစန္ဒာအတွက် ရည်စူး၍ ရက်လည် ဆွမ်းကျွေး တရားနာ ၊ ရေစက်ချ အမျှဝေပွဲ အခမ်းအနားကို ဇူလှိုင်လ ၊ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

တစ်ဖန် လလည် ဆွမ်းကျွေး တရားနာ ၊  ရေစက်ချအမျှဝေပွဲ အခမ်းအနားများကို ၂၀၁၁ ခုနှစ် ၊ သြဂုတ်လ ၊ ၁၃ ရက်နေ့ နှင့် သြဂုတ်လ ၊ ၁၄ ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။

တစ်ဆက်တည်း မွေးသမိခင်ကျေးဇူးရှင် ၏ ကြွင်းကျန်ရစ်သော အရိုးပြာကို သား ၊ သမီးတို့က ဝန်ချတောင်းပန်ကန်တော့ကြပါသည်။

ဆက်လက်၍  ငွေစန္ဒာ၏ အရိုးပြာကို ကျန်ရစ်သူမိသားစုက မိတ်ဆွေသင်္ဂဟ အပေါင်းတို့နှင့်အတူ ပင်လယ်ပြင်သို့ သွားရောက်၍ ကြဲပက်ခဲ့ကြပါသည်။

မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲပါကြောင်း ပြောကြားကာ အကြံဉာဏ်ပေး ၊ အားပေး ၊ ဆုတောင်း ၊ အမျှဝေပေးမှုများ ပြုခဲ့ကြသော ဘလော့ဂါ မောင်နှမ အပေါင်းတို့အား ထပ်မံ၍ လှိုက်လှဲစွာ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။

 

ကျန်ရစ်သူ မိသားစု



Monday, July 18, 2011

ကျေးဇူးအထူးတင်ရှိပါသည်

ငွေစန္ဒာသည် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါကြောင်း ဝမ်းနည်းစွာအသိပေးပြီးနောက်မိတ်ကောင်းဆွေကောင်း များဖြစ်ကြသည့်ဘလော့ဂါမောင်နှမများ၏ အားပေးနှစ်သိမ့် ၊ ဆုတောင်း ၊ အမျှဝေပေးမှုများကိုတုန့်ပြန်ရရှိသည့် အတွက် ကျန်ရစ်သူ မိသားစုဝင်များအားငယ်နေချိန်တွင်များစွာအားတက်ရပါသည်။
ထိုသို့သတင်းစကားများပေးပို့ကြသောညီအစ်ကိုမောင်နှမများကိုကျန်ရစ်သူမိသားစုမှလှိုက်လှိုက်လှဲလှဲ
ကျေးဇူးဥပကာရ တင်ရှိပါသည်။
အစ်မကိုမမြင်ဖူး၍ဓာတ်ပုံတင်ပေးပါရန်အကြံပေးသောညီမတစ်ဦး၏တိုက်တွန်းချက်အရ ငွေစန္ဒာ၏ သရဏဂုံတင်အခမ်းအနားတွင်ဖြန့်ဝေခဲ့သော Programme Flyer ကိုဖော်ပြလိုက်ပါသည်။


ကျန်ရစ်သူ မိသားစု

Monday, July 11, 2011

အသိပေးအပ်ပါသည်

   ငွေစန္ဒာသည် ၂၀၁၁ခုနှစ် ၊ ဧပြီလ ၁၄ရက်နောက်ပိုင်းတွင်တစ်စထက်တစ်စကျန်းမာရေးချို့ယွင်းလာသဖြင့် ဘလော့မရေးနိုင်တော့ပဲနောက်ဆုံးတွင်သူမချစ်သောမိသားစုကိုသံယောဇဉ်ဖြတ်လျက်ရေးဖော်ရေးဖက်
မိတ်ဆွေဘလော့ဂါအပေါင်းတို့ကိုထားရစ်ခဲ့ကာ ၂၀၁၁ခုနှစ် ၊ ဇူလှိုင်လ ၄ ရက်နံနက်တွင် ဘဝတစ်ပါး သို့ကူးပြောင်း သွားပါကြောင်းဝမ်းနည်းစွာအသိပေးအပ်ပါသည်။

ကျန်ရစ်သူ မိသားစု

Thursday, April 14, 2011

အုန်းထမင်းကြက်သားဟင်းနဲ့မုန့်လုံးရေပေါ်စတုဒီသာ


အုန်းထမင်း


ကြက်သားဟင်း


ကြက်ရိုးနဲ့ကြံမဆိုင်ဟင်းချို

သပုရာသီးသနပ်

သခွားသီးနဲ့ပုဇွန်သုပ်

ငါးခြောက်ကြော်

အုန်းသီး


မုန့်လုံးရေပေါ်


မုန့်လုံးရေပေါ်အုန်းသီးဖြူးထားတာ
မိတ်ဆွေတွေအားလုံးပျော်ရွှင်အေးချမ်းတဲ့မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေရှင်။
အုန်းထမင်း၊ကြက်သားဟင်းနဲ့မုန့်လုံးရေပေါ်စတုဒီသာသုံးဆောင်သွားကြပါအုံးနော်။      

Monday, April 4, 2011

မုန်ညင်းစိမ်းချဉ်ရည်၊ငါးကြော်၊ငါးအိုးကပ်နဲ့ ပဲပင်ပေါက်မုန်ညင်းဖြူကြော်

မုန်ညင်းစိမ်းချဉ်ရည်
မုန်ညင်းစိမ်းတွေကိုလက်၂ဆစ်လောက်စီဖြတ်၊ရေစင်အောင်ဆေးပြီးအိုးထဲထည့်၊ခရမ်းချဉ်သီး၂လုံးလောက်
ပါးပါးလှီးထည့်၊ကြက်သွန်နီ၁ဥ၊ကြက်သွန်ဖြူ၃မွှာကြိတ်ထည့်၊ငံပြာရည်၊ဆား၊ဆနွင်းသင့်ရုံ၊ဆီထမင်းစားဇွန်း၁
ဇွန်းထည့်ပြီးအရင်လုံးပါတယ်။အရွက်တွေနွမ်းပြီးခရမ်းချဉ်သီးတွေကြေပြီဆိုရင်၊ရုံးပတီသီး၇တောင့်လောက်
ကို၃ပိုင်းလောက်ဖြတ်ပြီးထည့်ပါတယ်။ခဏနေတော့ရေဆူကိုလိုသလောက်ထည့်ပြီးမန်ကျည်းရေထည့်ပါ
တယ်။ပွက်ပွက်ဆူလာရင်နံနံပင်ခပ်၊အပေါ့အငံမြည်းပြီးချလို့ရပါပြီ။

ငါးကြော်  
 ငါးကိုဆား၊ဆနွင်း၊ငံပြာရည်နဲနဲနဲ့သေချာနယ်ထားပြီး၊ဆီပူပူထဲမှာထည့်ကြော်လိုက်ရုံပါ။တဖက်ကကြွပ်ရင်
နောက်တဖက်လှန်ပြီး၂ဖက်လုံးကြွပ်ရင်ဆယ်လို့ရပါပြီ။

ငါးအိုးကပ်
အိုးလိုက်ပဲချလိုက်တော့တယ်ပန်းကန်ထဲကပုံမရိုက်လိုက်မိဘူး
 ချက်မဲ့ငါးနဲ့ပုဇွန်တွေကိုရေဆေးသန့်စင်ပြီး ဆား၊ဆနွင်း၊ငံပြာရည်သင့်ရုံထည့်သေချာနယ်ထားပါတယ်။
ကြက်သွန်နီ၅ဥနဲ့ခရမ်းချဉ်သီး၂လုံးကိုပါးပါးလှီးပြီးဒယ်အိုးထဲထည့်၊ဆီဟင်းခတ်ဇွန်း၃ဇွန်း၊ဆား၊ဆနွင်း

ံပြာရည်သင့်ရုံ၊ကြက်သွန်ဖြူ၅မွှာနဲ့ငြုပ်သီးစိမ်း၎တောင့်လောက်ကြိတ်ထည့်ပြီး အနှစ်တွေကျက်အောင်
အရင်ချက်ပါတယ်။ကြက်သွန်နဲ့ခရမ်းချဉ်သီးတွေလိပ်လာရင်ခုနက နယ်ထားတဲ့ငါးနဲ့ပုဇွန်တွေထည့်မွှေပြီး
မီးအေးအေးနဲ့အိုးကိုလှဲ့ပေးပြီးစိတ်ရှည်ရှည်ချက်ပါတယ်။အိုးကပ်နံ့လေးမွှေးလာပြီဆိုရင်နံနံပင်ခပ်အဖုံး
လေးခဏအုပ်ထားပြီးရင်မီးပိတ်လို့ရပါပြီ။အရသာရှိတဲ့ ငါးအိုးကပ်မွှေးမွှေးလေးရပြီပေါ့။

ပဲပင်ပေါက်နဲ့မုန်ညင်းဖြူကြော် 
 အဲဒီပဲပင်ပေါက်ကကိုယ်တိုင်ဖေါက်ထားတာပါ။တရုပ်ဆိုင်ကပဲစိမ်းစိမ်းတွေကိုရေတစ်ညစိမ်ပြီး၊နောက်တနေ့
မနက်ဇကာခြင်းထဲမှာရေဆွတ်ထားတဲ့လက်သုတ်ပုဝါခင်းပြီးရေစိမ်ထားတဲ့ပဲတွေဖြန့်ထားအပေါ်ကနောက်တ
ထည်နဲ့ထပ်အုပ်ပြီးရေကိုတနေ့၎ခါလောက်လောင်းထားပေး၊၃ရက်ဆိုရင်ပဲပင်ပေါက်ရပါပြီ။ပထမဦးဆုံးလုပ်ဖူး
တာပါ။ပဲပင်ပေါက်ဝယ်ဖို့မလွယ်ကူတဲ့မိတ်ဆွေတွေစားချင်ရင်စမ်းလုပ်ကြည့်ပါနော်။ရလာတဲ့ပဲပင်ပေါက်တွေ
ကိုအမြစ်တွေဖြတ်ပြီးရေဆေး၊ရေစစ်ထားပါ။မုန်ညင်းစိမ်းဝယ်တာမုန်ညင်းဖြူတပင်ပါလာတာနဲ့လက်၂ဆစ်
လောက်ဖြတ်ပြီးရေဆေးရေစစ်ထားပြီးရောကြော်ပါမယ်။ကြက်သွန်ဖြူ၅မွှာလောက်ကိုထုပြီးဆီသတ်၊မွှေးလာ
ရင်ရေစစ်ထားတဲ့ပဲပင်ပေါက်နဲ့မုန်ညင်းတွေထည့်၊ဆား၊ကြက်သားမှုန့်နဲနဲထည့်ပြီးကြော်ပါတယ်။ကျမကနွမ်း
အောင်မကြော်ပါဘူး။ဟင်းရွက်ကြော်တွေပျော့နေရင်မကြိုက်လို့ပါ။
မုန်ညင်းစိမ်းချဉ်ရည်၊ငါးကြော်၊ငါးအိုးကပ်နဲ့ပဲပင်ပေါက်မုန်ညင်းဖြူကြော်ပူပူနွေးနွးလေးရပါပြီ၊လာလည်တဲ့
သူတွေအားမနာတန်းသုံးဆောင်သွားကြပါနော်။

Thursday, March 31, 2011

ကျမနဲ့ဈေးဝယ်ခြင်း

ပုဇွန်ထုပ်
ဘာပုဇွန်ခေါ်လဲမသိဘူး
 
ပိန်းဥနဲ့ပုဇွန်အချိုချက်

ပဲသီးကြက်ဟင်းခါးသီးမျှစ်နဲ့ပုဇွန်ကြော်

သရက်သီးထောင်းချဉ်စပ်     

ထမင်းစားပွဲ၊ဟင်းမစုံသေးဘူး၊ခဏစောင့်အုံးနော်
 ကျမတို့အိမ်ထောင်ကျခါစတုန်းကကျမတို့ဇာတိအညာမြို့လေးမှာနေပါတယ်။အဲဒီမြို့လေးမှာအစားအသောက် တွေ၊ဟင်းသီးဟင်းရွက်တွေအရမ်းပေါပါတယ်။ဆွေမျိုးမိသားစုတွေလည်းရှိနေတယ်လေ။ ကျမကအဲဒီမြို့လေး မှာမွေးပေမဲ့၊တခြားတနေရာမှာကြီးခဲ့တာပါ။ဒါပေမဲ့နွေရာသီကျောင်းပိတ်ရက်တိုင်းအဖွားတွေအဒေါ်တွေရှိ တဲ့အဲဒီမြို့လေး ကိုပြန်ရောက်ဖြစ်တယ်။ကျမအိမ်ထောင်ပြုတဲ့အချိန်မှာဘာဟင်းမှမချက်တတ်သေးပါဘူး။
ယောက္ခမအိမ်မှာလိုက်နေပြီးယောင်းမကချက်ပါတယ်။တလလောက်နေတော့အိမ်ခွဲပြီးကိုယ့်ဟာကိုယ်ချက်
စားရပါတယ်။ကျမကဈေးလည်းမဝယ်တတ်ပါဘူး။ဈေးဆစ်ရမှာလည်းရှက်ပါတယ်။ဈေးသည်အော်ခံရမှာ
လည်းကြောက်ပါတယ်။အိမ်ရှေ့ကသွားတဲ့ဈေးသည်ကိုလည်းအော်မခေါ်ရဲပါဘူး၊ကျမအသံကိုသူများတွေ
ကြားသွားမှာရှက်ပါတယ်။အဲ့ဒီလိုနဲ့အိမ်ထောင်ကျခါစကဈေးသွားရင်အမျိုးသားကိုခေါ်သွားရပါတယ်။
သူကအဲဒီမှာကျောင်းပြီးကတည်းကဆေးခန်းဖွင့်နေတာ၂နှစ် လောက်ရှိပြီဆိုတော့ဈေးသည်တွေကသူ့ကို
သိနေကြပါတယ်။ဈေးကလည်းဆေးခန်းရှေ့တင်လမ်းကူးလိုက်ရင်ရောက်ပြီ။အဲဒါကိုပဲကျမမှာတယောက်ထဲ
 သွားရဲဖြစ်နေတာ။
တနေ့တနေ့လည်းဘာချက်ရမလဲစဉ်းစားရတာမောနေတာ။အိမ်ခွဲနေပြီးကျမပထမဦးဆုံချက်တဲ့ဟင်းက
ချဉ်ပေါင်ရွက်ချဉ်ဟင်း၊ပဲပုတ်ချက်နဲ့ငါးကြော်ပါ။အဲဒီမှာချဉ်ဟင်းအတွက်ဝယ်ရင်ရန်ကုန်လိုမဟုတ်ပါဘူး။
ချဉ်ပေါင်ရွက်၊ခရမ်းသီးတလုံး၊ဖရုံသီးနုတစိတ်၊မျှစ်ပြုတ်နဲနဲ၊နံနံမြိတ်(နံနံပင်ကိုခေါ်တာပါ)၊ငြုပ်သီးစိမ်း၂တောင့် လောက်အစုံတခါထဲပါပါတယ်။ချဉ်ရွက်စုံဘယ်လောက်ဖိုး၊အဲလိုပြောပြီးဝယ်ရပါတယ်။ပဲပုတ်ကလည်းအင်
ဖက်နဲ့ထုတ်ထားတဲ့အစိုပါ။အဲဒီပဲပုတ်ကိုကျမသိပ်ကြိုက်ပါတယ်။ခရမ်းချဉ်သီးများများငြုပ်သီးစပ်စပ်နဲ့ချက်
တဲ့၊ပြီးနံနံပင်အုပ်ထားတဲ့ပဲပုတ်ချက်ကိုထမင်းနဲ့အားရပါးရနယ်ပြီး၊မျှစ်ပြုတ်ရုံးပတီသီးပြုတ်တို့နဲ့များစား
လိုက်ရရင်ကောင်း မှကောင်းပေါ့။ရေးရင်းနဲ့တောင်စားချင်လာတယ်။ကျမချက်တာလည်းတူးလိုက်ပေါ့လိုက်
 ငံလိုက်ပေါ့။အမျိုးသားကတော့ကျမလက်ရာကိုတခါမှအပြစ်မပြောပါဘူး။ကျမကလည်းဦးကြီးပုစာအုပ်လေး
ဖတ်၊ဟိုလူ့မေး၊ဒီလူ့မြန်းနဲ့ချက်ရတာပေါ့။အခုလိုကိုယ်စားချင်တာဝယ်ချင်တိုင်းဝယ်မရတဲ့နေရာကိုရောက်
မှဝယ်ချင်စရာတွေပေါတဲ့အဲဒီဈေးလေးကိုလွမ်းနေမိတယ်။နောက်တော့ထမင်းဆိုင်မှာချိုင့်ဆွဲစားဖြစ်လိုက်၊
ကိုယ်ဟာကိုယ်ချက်စားလိုက်နဲ့ပေါ့။
နောက်ကျမတို့ရန်ကုန်ပြောင်းပြီးတော့၊ဘိုကလေးဈေးမှာဝယ်ပါတယ်။အဲဒီဈေးလည်းဝယ်လို့အရမ်းကေင်း
ပါတယ်။နောက်တော့ဈေးတယောက်ထဲ မသွားရဲတဲ့ကျမ တယောက်ထဲလည်းသွားရဲပြီးဈေးဝယ်ရတာပျော်
လာပါတယ်။ချက်ရေးပြုတ်ရေးလည်းအတော် ကျွမ်းကျင်လာပါတယ်။ဒီနိုင်ငံရောက်တော့လည်း supermarket တွေမှာဝယ်ရတာထက်၊wetmarket တွေမှာဝယ်ရတာကိုပိုပြီးကြိုက်ပါတယ်။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက် တွေပိုပြီးရတတ်တယ်။ဒီနိုင်ငံမှာချဉ်ပေါင်သီးတွေရောင်းပေမဲ့ချဉ်ပေါင်ရွက်ကိုဝယ်မရပါဘူး။သူတို့လူမျိုးက
အသီးကိုဂျင်း၊ဆားနဲနဲ၊သကြားထည့်ကြိုပြီးဖျော်ရည်သောက်ကြတာ။အသီးခူးပြီးရင်အပင်တွေခုတ်ပြီးပစ်
လိုက်တာတဲ့။အဲဒီအရွက်တွေရောင်းပါဆိုတော့ဘာလုပ်ဖို့လဲတဲ့။ဟင်းချက်စားဖို့ဆိုတော့ရီကြတယ်။
အဲဒီလိုနဲ့ချဉ်ပေါင်ရွက်ဝယ်မရပါဘူး။
တနေ့ကလည်းကျမတို့ခြံဝင်းထဲက ဒန့်သလွန်ပင်မှာအမျိုးသားနဲ့ကျမဒန့်သလွန်သီးတွေခူးနေတုန်း လူမဲ တယောက်ကအဲဒါဘာလုပ်ဖို့လဲ၊ကစားဖို့လားတဲ့မေးပုံက။မဟုတ်ဘူးဟင်းချက်စားဖို့ဆိုတော့မစားနဲ့တဲ့
အဆိပ်ဖြစ်လိမ့်မယ်တဲ့။မဖြစ်ပါဘူးငါတို့စားနေကြလို့ပြောတာ့ It is funny ဆိုပြီးရီပါလေရော။
စနေနေ့ကပုဇွန်စားချင်လို့ဈေးသွားတော့ပုဇွန်မရခဲ့ပါဘူး။ပုဇွန်သည်က Wednesday လာပို့မယ်ပြောပါတယ်။ မနေ့ကညနေကလာပို့သွားပါတယ်။အဲဒီလိုနဲ့ဈေးဝယ်ခြင်းအကြောင်းရေးနေတဲ့ငွေစန္ဒာဟင်းချက်ခြင်းအ
ကြောင်းဆီရောက်သွားပါတော့မယ်။ငွေစန္ဒာတယောက်ခုတော့ဈေးဝယ်တာကျွမ်ကျင်သွားပါပြီဆိုတာနဲ့
ဈေးဝယ်ခြင်းကိုရပ်နားပါအုံးမယ်။ကဲဟင်းချက်ကြပါစို့နော်။
ပုဇွန်အကောင်၃၀လောက်ကိုရေဆေးပြီးအခွံခွါပါတယ်။ပိန်းဥ၃လုံးကိုလည်းအခွံခွါရေဆေးပြီးအနေတော်စိတ်
ထားပါ။ကြက်သွန်နီ ၁ ဥ၊အဖြူ ၃မွှာလောက်ကိုကြိတ်ပြီးအိုးတလုံးထဲမှာထည့်ဆီဟင်းခတ်ဇွန်း၁ဇွန်း၊ဆား
သင့်တော်ရုံနဲ့ပိန်းဥထည့်ပြီးရေလေးနဲနဲနဲ့အရင်လုံးပါကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုမှရေလိုသလောက်ထည့်

ပါတယ်။ပိန်းဥနူးပြီဆိုရင်ပုဇွန်အကောင်၂၀ကိုထည့်ပြီးအဖုံးခဏအုပ်ထား၊ပုဇွန်လေးတွေကွေးပြီးရဲလာရင်ပင်
စိမ်းထည့်ပြီးမီးပိတ်လို့ရပါပြီ။ဆနွင်း၊အရာင်မှုန့်မထည့်ပါဘူး။ပုဇွန်ကြောင့်ဟင်းအရောင်နီသွားတာပါ။ပိန်းဥနဲ့
ပုဇွန်အချိုချက်လေးပေါ့။
ခုနခွါပြီးသားကျန်တဲ့ပုဇွန်၁၀ကောင်ကိုမျှစ်နဲ့ရောကြော်ပါမယ်။ကြက်သွန်ဖြူနီကိုဆီသတ်ပြီးနွမ်းသွားရင်မျှစ်ကို
အရင်ထည့်ကြော်ပါ။ကျမကပဲသီးနဲနဲ၊ကြက်ဟင်းခါးသီး၃တောင့်ကျန်နေတာရှင်းချင်တာနဲ့လှီးထည့်လိုက်ပါ

သေးတယ်။ဟင်းသီးတွေနူးပြီဆိုမှပုဇွန်ကိုထည့်ကြော်ပါတယ်။ပုဇွန်လေးတွေကခဏဆိုကျက်ပါတယ်။ပုဇွန်ကို
အကြာကြီးချက်ရင်မာသွားတတ်လို့၊ကျမပုဇွန်ချက်ရင်ခဏပဲချက်ပါတယ်။
အစပ်အတွက်တော့ခုဏကအမှိုက်သွားသွန်ရင်းခူးလာတဲ့သရက်သီးစိမ်းတွေကိုထောင်းပါမယ်။သရက်သီး

တွေကိုအခွံခွါပါးပါးလှီးပြီးဆား၊ပုဇွန်ခြောက်၊မြေပဲဆံ၊ငြုပ်သီးစိမ်း၊ကြက်သွန်ဖြူ၃မွှာလောက်ပါထည့်ပြီးစက်နဲ့
 ကြိတ်ညက်ရင်ကြက်သွန်နီပါးပါးလှီးထားတာနဲ့ဆီစိမ်းထည့်ပြီး နယ်လိုက်ရင် သရက်သီးထောင်းချဉ်စပ်လေး
ရပြီပေါ့။ဒီကသရက်သီးတွေကသိပ်မချဉ်တာမို့ငပိမထည့်တော့ပါဘူး။
ပိန်းဥနဲ့ပုဇွန်အချိုချက်၊ပဲသီးကြက်ဟင်းခါးသီးမျှစ်နဲ့ပုဇွန်ကြော်၊သရက်သီးထောင်းချဉ်စပ်လေးနဲ့ထမင်းဝင် စားသွားပါအုံးလား၊အားမနာနဲ့လေ။ပုဇွန်ကလတ်လတ်ဆတ်ဆတ်မို့ချိုနေတာပဲ၊စားလို့အရမ်းကောင်းပါတယ်။

Saturday, March 19, 2011

ငါးကင်မွှေးမွှေးလေး





 နောက်ဆုံးအကောင်လေးကတူးသွားတယ်


သမီးလေးကငါးကင်စားချင်တယ်ဆိုတာနဲ့ဒီနေ့ငါးကင်ဖြစ်ပါတယ်။ငါးကင်ဖို့အတွက်
ငါးတွေကိုရေစင်အောင်ဆေးပြီးမွှန်းပါတယ်။ဂျင်း၊ကြက်သွန်ဖြူ၊ရှမ်းနံနံနဲ့ငြုပ်သီးစိမ်း
၂တောင့်လောက်ကိုစက်နဲ့ကြိတ်လိုက်ပါတယ်။ကျမသဘောဆို၅တောင့်၆တောင့်
လောက်ထည့်ချင်တာ၊သမီးလေးနဲ့သူ့ဖေဖေကအစပ်မစားနိုင်တာနဲ့၂တောင့်ပဲထည့်
လိုက်ရတယ်။ဇလုံတစ်လုံးထဲမှာမွှန်းထားတဲ့ငါးရယ်၊ကြိတ်ထားတဲ့အဆာပလာတွေကို
အရည်ညှစ်ပြီးရယ်ဆား၊ဆီနဲနဲ၊ဆနွင်းနဲ့ကြက်သားမှုန့်သံပုရာရည်ညှစ်ထည့်ပြီးအားလုံး
ရောသမမွှေလိုက်ပါ တယ်။ငါးဗိုက်ထဲကိုလည်းအရည်ညှစ်ပြီ်းထားတဲ့အဆာတွေထည့်
လိုက်ပါတယ်။ငါးခေါင်းဖက်ကနေတုတ်နဲ့ထိုးပြီးဂက်စ်မီးတောက်နဲ့ပဲဟိုဖက်ဒီဖက်လှန်
ပေးပြီးကင်ပါတယ်။Oven နဲ့ကင်တဲ့အရသာကခြောက်သွားပြီးစားရတာမကြိုက်လို့ငါးကင်
တိုင်း မီးတောက်နဲ့ပဲကင်ပါတယ်။မီးသွေးနဲ့ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ကျမက
မီးသွေးဖိုမရှိတာမို့အလွယ်ဂက်စ်မီးတောက်ကိုသုံးလိုက်တာ။ပြီးရင်တော့မီးဖိုကိုသေချာ
ပြန်သုတ်ပေတော့။ငါးကင်ကတော့တော်တော်စားကောင်းတယ်။အချဉ်ကြိုက်ရင်သံပုရာ
သီးထပ်ညှစ်ပေါ့နော်။လွယ်ကူမြန်ဆန်ပြီးစားလို့ကောင်းတဲ့ငါးကင်မွှေးမွှေးလေးရပါပြီ။
ကြိုက်နှစ်သက်ရင်အားမနာတမ်းစားသွားလို့ရပါတယ်။
ကျမက တလားဗီးယားငါးနဲ့ကင်ထားတာပါ။
 

Wednesday, March 16, 2011

ငါးကြော်၊ခရမ်းချဉ်သီးထောင်းနဲ့မုန်ညင်းဟင်းချို

ငါးကြော်

ခရမ်းချဉ်သီးထောင်း

မုန်ညင်းဟင်းချို

 ဒီနေ့မိုးကလည်းအုံ့လေတိုက်ပြီလည်းအေးနေတာနဲ့ဘာဟင်းချက်စားရမလဲ မသိဖြစ်နေ
ပါတယ်။ရေခဲသေတ္တာဖွင့်ပြီးဟိုဒီရှာဖွေရင်း နောက်ဆုံးတော့ဟင်းချိုဟင်းချက်ပြီးခရမ်းချဉ်
သီးထောင်းနဲ့ငါးကြော်စားဖို့စိတ်ကူးရလိုက်ပါတယ်။
ငါးကမနေ့ကမှရေဆေးသန့်စင်ပြီးထည့်ထားတာဆိုတော့ဆား၊ဆနွင်း၊ငံပြာရည်နဲနဲထည့်
နယ်ထားလိုက်ပါတယ်။နောက်ငါးတကောင်ကိုတော့ကြက်သွန်ဖြူ၃တက်လောက်ဒါးပြားနဲ့
ထု၊ကြက်သွန်နီ၁ဥကိုထူထူလှီးထည့်၊စိမ်းစားငပိလက်တဆစ်လောက်ထည့်ငါးရေမြုတ်
အောင်ထည့်ပြီးတည်ထားလိုက်ပါတယ်။ရေဆူလာရင်ငါးကိုဆယ်အရိုးဖယ်ပြီးအသားကိုခြေ
မွှဟင်းရည်အိုးထဲပြန်ထည့်ရေလိုသလောက်ထပ်ထည့်ပြီးဟင်းရည်ကျအောင် တည်ထား
လိုက်ပါတယ်။ဆီဒယ်အိုးကိုမီးဖိုပေါ်တင်ဆီပူလာရင်ငါးထည့်ဟိုဘက်ဒီဘက်လှန်ပေး၂ဘက်
လုံးကြွပ်လာရင်တော့ဆယ်လို့ရပါပြီ။ခရမ်ချဉ်သီး၃လုံးလောက်ကိုရေနဲနဲနဲ့ရေခမ်းအောင်
ပြုတ်လိုက်ပါတယ်။မီးဖုတ်ရင်တော့ပိုမွှေးတာပေါ့နော်။ပြုတ်ထားတဲ့ခရမ်းချဉ်သီးရယ်ကြက်
သွန်ဖြူ၃မွှာရယ်၊နံနံပင်၊ငြုပ်သီး၊ငပိကင်နဲနဲ၊ဆားနဲနဲအားလုံးစက်ထဲထည့်မွှေလိုက်ရင်ခရမ်း
ချဉ်သီးထောင်းရပါပြီ။ဟင်းရည်ထဲခတ်ဖို့တော့ဘေဘီမုန်ညင်းလေးတွေကိုရေစင်အောင်ဆေး
ထက်ခြမ်းခွဲပြီးထည့်ပါတယ်။ဟင်းချိုရောခရမ်းချဉ်သီးထောင်းရောငါးကြော်ရောရပြီဆိုတော့
စားကြတာပေါ့နော်။
မိတ်ဆွေတို့လည်းဟင်းချိုပူပူလေး၊ခရမ်းချဉ်သီးထောင်းစပ်စပ်၊ငါးကြော်ကြွပ်ကြွပ်လေးနဲ့ 

စားသွားကြပါလား။အားမနာနဲ့လေ။

Sunday, March 13, 2011

ကြာဇံချက်စားရအောင်

ရေစိမ်ထားတဲ့ပဲလိပ်၊အသားတုနဲ့ပန်းခြောက်

မှိုခြောက်

ပြုတ်ပြီးနွှင်ထားတဲ့ကြက်သား

ကြက်ဥပြုတ်ပါးပါးလှီး

အိုးထဲကကြာဇံချက်


ကြက်သွန်မြိတ်

ငါးဖယ်ကြော်

ကြက်သွန်ဖြူဆီချက်

စားလို့ရပါပြီ


ဒီနေ့ပိတ်ရက်ဆိုတော့ထမင်းမစားချင်တာနဲ့ကြာဇံချက် ချက်စားဖြစ်ပါတယ်။ပထမဦးဆုံး
မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်နဲ့အသားတုတွေကိုရေဆေးပြီးရေစိမ်ထားပါတယ်။ကြက်ဥ၁၀လုံး
ကိုပြုတ်ပြီးပါးပါးလှီးထားပါတယ်။ကြက်ပေါင်သား၆တုံးကိုပြုတ်ပြီးအသားနွှင်ထား၊အရိုးတွေနဲ့
တောင်ပံ၊လည်ချောင်း၊ခြေထောက်တွေကိုရေများများနဲ့ပြန်ပြုတ်ထားပါတယ်။ကြက်သွန်နီ၅ဥ
၆ဥလောက်အခွံခွါပြီလေးစိတ်ထိုး၊ကြက်သွန်ဖြူ၁၅မွှာကိုအခွံခွါပါးပါးလှီးထားပါတယ်။ကြာဇံ
တွေကိုလည်းရေစိမ်ပြီး၂လက်မလောက်စီဖြတ်ထားပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဆီအိုးတင်လှီးထားတဲ့ကြက်သွန်ဖြူတွေကိုဆီသတ်
ပါတယ်။ကြက်သွန်တွေကြွပ်လာရင်တဝက်ကိုပန်းကန်တလုံးနဲ့ဆယ်ထားပါတယ်။ကြာဇံချက်
ထဲထည့်စားရအောင်ပါ။ကျန်တဝက်ထဲကိုအရောင်တင်မှုန့်ထမင်းစားဇွန်း၂ဇွန်းလောက်ထည့်
ပြီးနွှင်ထာတဲ့ကြက်သား၊မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်နဲ့အသားတု၊ကြာဇံ၊ကြက်သွန်နီတွေကို
ထည့်မွှေပြီးခဏနေရင်ကြက်ရိုးပြုတ်ရေတွေထည့်ပါတယ်။အပေါ့အငံအတွက်ငံပြာရည်ကို
အဓိကထားပါတယ်။ဆားကိုသိပ်မသုံးပါဘူး။ဟင်းရည်ပွက်ပွက်ဆူလာရင်ပါးပါးလှီးထားတဲ့
ကြက်ဥပြုတ်တွေကိုထည့်ပါ၊ဟင်းရည်ကျအောင်မီးအေးအေးနဲ့၁၀မိနစ်လောက်ထားလိုက်
ပြီးရင်စားလို့ရပါပြီနော်။

ကြာဇံချက်ထဲကိုငါးဖယ်ကြော်ညှပ်ထည့်၊နံနံပင်မရှိတာနဲ့ကြက်သွန်မြိတ်ပါးပါးလှီးထည့်
သံပုရာရည်၊ငြုပ်သီးမှုန့်၊ကြက်သွန်ဖြူဆီချက်ထည့်ပြီး မောမောနဲ့ငွေစန္ဒာတော့၂ပွဲစား
ပြီးနေသာထိုင်သာရှိသွားပါတယ်။
ကဲ ကြာဇံချက်စားချင်ရင်တော့ ဒီကိုကြွပြီးစိတ်ကြိုက်သာသုံးဆောင်သွားကြပါနော်။

ဒီတခါတော့ပုံတွေသိပ်မဝါးဘူးထင်တာပဲ။