Wednesday, September 2, 2015

ငွေစန္ဒာ (၄) နှစ်မြောက် အထိမ်းအမှတ်

ငွေစန္ဒာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သည်မှာ ၄.၇.၁၅ ရက်က (၄) နှစ်ပြည့်မြောက် ခဲ့ပြီးဖြစ်ပါတယ်။

ဂျမေကာမှာ အလှည့်ကျကျောင်းထိုင်မယ့် သံဃာတော် မရောက်လာသေးတဲ့အတွက် အဆိုပါနေ့မှာ ကောင်းမှုကုသိုလ် မပြုလုပ်နိုင်ခဲ့ပါ။

အမေရိကန် နိုင်ငံ၊ မီနှီဆိုးတား ပြည်နယ် သီတဂူ ဓမ္မဝိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်တိက္ခဉာဏလင်္ကာရ ဂျမေကာကို ဇူလိုင်လ နှောက်ဆုံးပါတ်က ဒေသစာရီ ခရီးကြွှလာပါတယ်။ ဆရာတော် မွန်တီဂိုဘေးမြို့က မြန်မာမိသားစုရဲ့နေအိမ်မှာ ၄.ရက်ကြာ သီတင်းသုံးပြီး တရားပွဲများ ကျင်းပခဲ့ပါတယ်။ ၂၇.၇.၁၅ (တနင်္လာနေ့) ညတရားပွဲအပြီးမှာ ငွေစန္ဒာအတွက် ရည်စူးပြီး ဝတ္ထုငွေ ဂျမေကန်ဒေါ်လာ ၅,၀၀၀ လှူဒါန်း ဆက်ကပ်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံ၊ ကယ်လီဖီုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသ၊ ဒေးလီးစီးတီးမှာနေတဲ့ သားကြီးနဲ့သမီးငယ်တို့ကလည်း ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးဃောသိတာဘိဝံသထံ မိခင်ငွေစန္ဒာ အတွက် ရည်စူးပြီး နဝကမ္မ အလှူတော်ငွေ အမေရိကန်ဒေါ်လာ (၂၅၀) နဲ့ မြန်မာ နိုင်ငံ ရေဘေးကူညီရေး အလှူငွေ အမေရိကန်ဒေါ်လာ (၂၅၀)ကို ဆရာတော်အား ၂.၈.၁၅ (တနင်္ဂနွေနေ့) က ဆက်ကပ်လှူဒါန်း ခဲ့ကြပါတယ်။ ဆရာတော်ကလည်း  မြန်မာနိုင်ငံကနေ ဇူလိုင်လကုန်မှ ပြန်ကြွလာတာကြောင့် ဩဂုတ်လဆန်းရောက်မှ သွားရောက် လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဂျမေကာနိုင်ငံ ဓမ္မဒီပဝိဟာရ ကျောင်းတိုက်မှာ အလှည့်ကျ သီတင်းသုံးမယ့် သံဃာတော် ဒေါက်တာမာလာသီရိ ကလည်း မြန်မာနိုင်ငံကနေ ဂျမေကာကို ၂၆.၇.၁၅ (တနင်္ဂနွေနေ့) မှာ ကြွရောက်လာပါတယ်။

ဆရာတော် ကြွရောက်သီတင်းသုံးပြီး (၁)လ နီးပါးအကြာ၂၃.၈.၁၅ (တနင်္ဂနွေ) နေ့မှာ ငွေစန္ဒာ ဘဝတစ်ပါးသို့ ကူးပြောင်းခြင်း (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆရာတော်ကို  နေ့ဆွမ်းဆက်ကပ်ပြီး ဂျမေကာရှိ မြန်မာမိသားစုများကို နေ့လယ်စာထမင်းနဲ့ဟင်းလျာများ ကျွေးဘို့စီစဉ်ရပါတယ်။

ဂျမေကာ ထေရဝါရ ဗုဒ္ဒဘာသာ အသင်းဥက္ကဋ္ဌ ဒေါက်တာအေးဖေထံ (၁) ပါတ်အလိုမှာ ကြိုဖုန်းဆက်ပြီး အဆိုပါနေ့ အလှူပွဲအတွက် နေ့လယ်စာထမင်းနဲ့ ဟင်းလျာများ ချက်ပေးဘို့ အကူအညီတောင်းရပါတယ်။ ဆရာဦးအေးဖေကလည်း ချက်ခြင်းဘဲ သဘောတူပါတယ်။ ဆရာနဲ့တိုင်ပင်ပြီး ကြက်သားဟင်း၊ ငါးဟင်းနဲ့ ဒန့်သလွန်သီး ဟင်းရည်ချက်ဖို့ စီစဉ်ကြပါတယ်။ ဆရာနဲ့မိသားစုကလည်း အလွန်သဘောကောင်းကြပါတယ်။ ကျွန်တော် အကူအညီတောင်းတိုင်း မဆိုင်းမတွ အကူအညီပေးနေကြပါ။

ဒါနဲ့ဘဲ ဂျမေကာ တစ်ကျွန်းလုံးမှာရှိတဲ့ မြန်မာမိသားစုများကို ဇနီးဒေါ်စုစုစန္ဒာအေး ဘဝတစ်ပါးသို့ ကူးပြောင်းခြင်း (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂၃.၈.၁၅ (တနင်္ဂနွေနေ့) မှာ ဓမ္မဒီပဝိဟာရ ကျောင်းတိုက်ဆရာတော်ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဂျမေကာရောက် မြန်မာမိသားစုများကို နေ့လယ်စာထမင်းနဲ့ ဟင်းလျာများဖြင့် ကျွေးမွေးမှာဖြစ်တဲ့အတွက် တရားနာ၊ တရားထိုင် ကြွရောက်ကြဘို့ ၁၉.၈.၁၅ (ဗုဒ္ဓဟူးနေ့) ညက အီးမေး(လ်) ပို့ပြီး ဖိတ်ကြားခဲ့ပါတယ်။

ဆရာတော်ကိုတော့ ဇနီးဒေါ်စုစုစန္ဒာအေး ဘဝတစ်ပါးသို့ ကူးပြောင်းခြင်း (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂၃.၈.၁၅ (တနင်္ဂနွေနေ့) မှာ နေ့ဆွမ်း ဆက်ကပ်မယ့် အကြောင်း ၂၁.၈.၁၅ (သောကြာနေ့) မှာ လျှောက်ထားနိုင်ခဲ့ပါတယ်။

ဒီလိုစီစဉ်ပြီး ၂၂.၈.၁၅ (စနေနေ့) ညနေမှာ ကျွန်တော်နေထိုင်ရာ ဖား(လ်)မောက်မြို့ကနေ ဘုန်းကြီးကျောင်းရှိရာ ကင်စတန်မြို့တော်သို့ ထွက်ခွာလာခဲ့ပါတယ်။ ကင်စတန်ရောက်တော့ မိုးချုပ်နေပါပြီ။ ဘုန်းကြီးကျောင်းကို အရင်ဝင်ပြီး ဆရာတော်ကို ဖူးမျှော်ကန်တော့ပါတယ်။ ဇနီးဒေါ်စုစုစန္ဒာအေး (၄) နှစ်မြောက် အထိမ်းအမှတ်အလှူပွဲနဲ့ ပတ်သက်လို့ အကျိုးအကြောင်းလျှောက်ထားပါတယ်။ အလှူပွဲအတွက် ဖား(လ်)မောက်က ဝယ်လာတဲ့ သစ်သီးတွေနဲ့ အချိုရည်ပုလင်း တွေကိုလည်း ကျောင်းကရေခဲသေတ္တာထဲမှာ ထည့်ထားခဲ့ပါတယ်။ ဆရာတော်နဲ့ မိနစ် (၂၀)ခန့် စကားစမည်ပြောဆိုပြီး တည်းခိုမယ့် ဒေါက်တာမျိုးလွင်တို့အိမ်ကို ထွက်ခွာလာခဲ့ပါတယ်။

ဒေါက်တာမျိုးလွင်တို့ဇနီးမောင်နှံကလည်း ကျွန်တော့်ကိုအဆင်သင့် စောင့်ကြိုနေပါတယ်။ သူတို့အိမ်ကိုရောက်တော့ ည ၉နာခွဲ ကျော်နေပါပြီ။ ကျွန်တော်ကင်စတန်ရောက်တိုင်း ဒီအိမ်မှာဘဲ တည်းနေကြပါ။ ဒေါက်တာမျိုးလွင်တို့ မိသားစုကလည်း အင်မတန်သဘောကောင်းကြပါတယ်။ ဒီအိမ်မှာ တစ်ညချမ်းသာစွာ တည်းခိုရပါတယ်။

နောက်တစ်နေ့ ဒေါက်တာမျိုးလွင်တို့ဇနီးမောင်နှံနဲ့အတူ နံနက်စာစားပြီး အလှူပွဲကျင်းပမယ့် ဓမ္မဒီပဝိဟာရ ကျောင်းတိုက်ကို နံနက် (၈)နာရီ အရောက်သွားကြပါတယ်။ တနင်္ဂနွေနေ့တိုင်း နံနက် (၈)နာရီ က (၁၁)နာရီ အထိ ယောဂီအပေါင်း သူတော်ကောင်းတို့ အချိန်ဇယားအတိုင်း တရားထိုင်ကြ၊ ဆရာတော့်ထံမှ တရားနာကြရပါတယ်။

ဒီနေ့မှာတော့ ဆရာတော်နဲ့ ထေရဝါရဗုဒ္ဒဘာသာ အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များနဲ့ တရားနာ၊ တရားထိုင် ကြွရောက်လာတဲ့ ပရိတ်သတ်တို့ လျှပ်တစ်ပြက် စည်းဝေး ပြောဆိုဖြစ်ကြလို့ နံနက် (၁၀)နာရီ မှပဲ တရားနာ၊ တရားထိုင် အစီအစဉ်ကို စတင်နိုင်ပါတော့တယ်။

ရှေးဦးစွာ ဆရာတော်က ၉ပါးသီလချီးမြှင့်ပေးပါတယ်။ ပြီးတော့ နာရီဝက်ကြာ တရားထိုင်ကြပါတယ်။ ဆက်ပြီးတော့ တစ်နာရီခန့် ဝိသုဒ္ဓိမဂ် ကိုသင်ပေးပါတယ်။ ဒီအစီအစဉ်ပြီးတဲ့နောက် ခဏနားကြပါတယ်။

မွန်တီဂိုဘေးမြို့က မြန်မာမိသားစုဝင်တစ်ချို့လဲ ကျွန်တော့်ရဲ့အလှူပွဲကို လာရောက်ကြတဲ့အတွက် အထူးဝမ်းမြောက်ရပါတယ်။

ဆရာတော်က နေ့ဆွမ်းဘုဉ်းပေးဘို့ ၁၁ နာရီခွဲလောက်မှာ ကြွလာပါတယ်။ နေ့ဆွမ်းမစားခင် ဆရာတော်က ဇနီးဒေါ်စုစုစန္ဒာအေးကို ရည်စူးပြီး ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ကြွရောက်လာတဲ့ ပရိတ်သက်နဲ့အတူအမျှပေးဝေပြီး တော့သာဓုအနုမောဒနာ ခေါ်ဆိုကြပါတယ်။

ကျွန်တော် နေ့ဆွမ်းနဲ့ဘောဇဉ် ဆက်ကပ်တဲ့အခါ အဘွားကွယ်လွန်ခြင်း (၁)လပြည့်အထိမ်းအမှတ် ဆရာတော်ကို အရုဏ်ဆွမ်းဆက်ကပ်ခဲ့တဲ့ ကင်စတန်မြို့မှ မြန်မာမိသားစုကလည်း ဆွမ်းဟင်းနဲ့ အချိုပွဲများ ပါလာရောက် ကပ်လှူကြတော့ ပိုပြီးစုံစုံလင်လင် ရှိလို့ဝမ်းသာရပါတယ်။

ဥပုသ်သည်တွေနဲ့ အတူကြွရောက်လာကြတဲ့ မြန်မာမိသားစုဝင်များကလည်း နေ့လယ်စာထမင်းနဲ့ ဟင်းလျာများ၊ အထက်ဖော်ပြပါ ကင်စတန် မြန်မာမိသားစုက ကျွေးတဲ့ကြာဆံချက်၊ သစ်သီးများနဲ့ အချိုပွဲများကို အားပါးတရ သုံးဆောင်ကြတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

ပရိတ်သတ်များ နေ့လယ်စာသုံးဆောင်ကြပြီးတဲ့အခါမှာ ဇနီးဒေါ်စုစုစန္ဒာအေး ဘဝတစ်ပါးသို့ ကူးပြောင်းခြင်း (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆရာတော့်အတွက် နဝကမ္မ အလှူတော်ငွေ ဂျမေကန်ဒေါ်လာ ၅,၀၀၀ လှူဒါန်း ဆက်ကပ်ခဲ့ပါတယ်။

ဇနီးဒေါ်စုစုစန္ဒာအေး အတွက်ရည်စူးပြီး  ပြုပြုသမျှ ကောင်းမှုကုသိုလ်အဝဝကို ရောက်ရာဘဝ ဘုံဋ္ဌာနမှ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ဘို့ ဆရာတော်နဲ့ အတူထပ်မံ အမျှပေးဝေပြီး သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြပါတယ်။

အလှူပွဲကို ကြွရောက်လာကြတဲ့  မြန်မာမိသားစုဝင်များအားလုံးကို အထူးဘဲ ကျေးဇူးတင်ရပါတယ်။ ကင်စတန်မြို့ဓမ္မဒီပဝိဟာရ ကျောင်းတိုက်ဆရာတော်ကို ဦးချ နှူတ်ဆက်ပြီး ဆရာတော်နဲ့အတူ ထပ်မံစည်းဝေးနေတဲ့ ထေရဝါရ အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များကို နှူတ်ဆက်စကား ပြောကြားပြီး ကျောင်းတိုက်မှ ထွက်ခွာလာခဲ့ပါတယ်။

ငွေစန္ဒာ (၄) နှစ်မြောက်အလှူပွဲ အထိမ်းအမှတ်အဖြစ် လှူဒါန်းရတဲ့ဒါနကုသိုလ်၊ ဆောက်တည်ရတဲ့ သီလကုသိုလ်၊ ပွားများရတဲ့ ဘာဝနာ ကုသိုလ်တို့ကို တစိမ့်စိမ့် ပြန်စဉ်းစားပြီး ပီတိသောမနဿ ဖြစ်လျှက် ကင်စတန်မြို့တော်ကနေ ကျွန်တော် နေထိုင်ရာ ဖား(လ်)မောက်မြို့ကို ပြန်လည် ထွက်ခွာလာခဲ့ပါတယ်။



မီနှီဆိုးတား ဆရာတော် အရှင်တိက္ခဉာဏလင်္ကာရ အားဝတ္ထုအလှူတော်ငွေ ဆက်ကပ်လှူဒါန်း


ဓမ္မဒီပဝိဟာရ ကျောင်းတိုက်ဆရာတော်အား နဝကမ္မအလှူတော်ငွေ ဆက်ကပ်လှူဒါန်း 

ဆရာတော်နဲ့ စကားစမည်ပြောစဉ်

ဆရာတော် နေ့ဆွမ်း ဘုဉ်းပေးနေစဉ်


အလှူပွဲ  ကြွရောက်လာတဲ့ ပရိတ်သက်နဲ့အတူ ထမင်းလက်ဆုံစား

ငွေစန္ဒာ မိသားစု

No comments:

Post a Comment