Friday, December 31, 2010

နှစ်သစ်အကြို

၂၀၁၁ ဇန္နဝါရီလ ၄ ရက်နေ့မှာ ဘုန်းကြီဆွမ်းကပ်ဖို့ရှိတာနဲ့ဒီနေ့လိုအပ်တာလေး
တွေထွက်ဝယ်ပါတယ်။ဘုန်းကြီးက တစ်ပါးတည်းဆိုပေမဲ့၊ညဘက်မှာတရားပွဲရှိတာ
ကြောင့်တရားနာပရိတ်သတ်တွေကိုကျွေးဖို့အတွက်ပါဝယ်ရပါတယ်။အိမ်ပြန်ရောက်
တော့၁၁ နာရီကျော်နေပါပြီ။အဲဒါနဲ့ပဲဒီနေ့နေ့လည်စာကိုမြန်မြန်ကျက်လွယ်တဲ့ပုဇွန်
ပဲချက်လိုက်ပါတယ်။ပုဇွန်ကိုငါးဖယ်နဲ့ရောချက်ပါတယ်၊ဘာလို့လည်းဆိုတော့

တစ်အိုးစီချက်ရင်ကြာလို့ပါ။ပုဇွန်ကိုရေဆေးအခွံနွှာပြီးဆား၊နနွင်း၊ငံပြာရည်နဲနဲထည့်
ပြီးနယ်ထားလိုက်ပါတယ်။ကြက်သွန်နီ ၃ ဥ၊အဖြူ ၅ တက်လောက်အခွံနွှာပြီး ကြိတ်ထားပါ။
ခရမ်းချဉ်သီး ၅ လုံးလောက်ကိုရေနဲနဲထည့်ပြီးပြုတ်ထား၊ရေဆူရင် အခွံ နွှာပြီးကြိတ်ပါ
တယ်၊သမီးလေးကခရမ်းချဉ်သီးကိုအခွံပါရင် မစားပါဘူး။ငါးဖယ်ဆုပ်အတွက် ဂျင်းလက် 
နှစ်ဆစ်လောက်နဲ့ကြက်သွန်ဖြူ ၅ တက်လောက်ကိုအရင်ကြိတ်ပါတယ်၊ပြီးရင်ငါးအသား၊
ဆား၊နနွင်း၊ငံပြာရည်၊ကော်မှုံ့နဲနဲထည့်ပြီးထပ်ကြိတ်ပါတယ်။စီးပြီးသမသွားရင် လက်ကို
ရေဆွတ်အပြားလေးတွေလုပ်ပြီးဆီပူပူမှာထည့်ကြော်ပါ။ကျက်ရင်ဆယ်ထားပြီး၊ခုနက
ကြိတ်ထားတဲ့ကြက်သွန်တွေကိုနနွင်းနဲနဲထည့်ပြီးဆီသတ်ပါ ကြက်သွန်ကျက်ရင် ငြုတ်သီး
အရောင်မှုန့်ထည့်ပြီးခဏနေရင် ကြိတ်ထားတဲ့ခရမ်းချဉ်သီးတွေထည့်မွှေပါတယ်၊ခရမ်း
ချဉ်သီးအနှစ်ကျက်ရင် နယ်ထားတဲ့ပုဇွန်ရော ကြော်ထားတဲ့ငါးဖယ်ရောထည့်မွှေ၊ဆားအ
ပေါ့အငံမြည်းပြီးနံနံပင်လေးအုပ်လိုက်ရင်ပုဇွန်ငါးဖယ်ဟင်းလေးရပါပြီ။
သမီးလေးအတွက်အာလူးကြော်ပါတယ်။အာလူးကိုအခွံနွှာလှီး ဆားနဲနဲထည့်နယ်ပြီး
ဆီပူပူမှာထည့်ကြော်လိုက်တာပါပဲ။သူကအသီးအနှံထဲမှာ ချဉ်ပေါင်၊ကန်ဇွန်းနဲ့အာ
လူးပဲစားပါတယ်။နောက်ငါးပိရည်ဖျော်ပါတယ်။ငါးပိရည်ကဟိုးရက်ကတည်းကကြိုပြီး

ခဲထားတာ၊မိုက်ကရိုဝေ့ဖ်နဲ့နွှေး၊ကြက်သွန်ဖြူနဲ့ငြုပ်သီးကိုမွှေးအောင်လှော်၊ပုဇွန်ခြောက်
နဲ့ရောကြိတ်ပြီးထည့်မွှေလိုက်ရင်ငါးပိရည်ရပါပြီ။တို့စရာကတော့ရေနွေးပွက်ပွက်ဆူ
ထဲကိုသကြားနဲနဲထည့်ပြီး၊အသီးအနှံတွေထည့်ခဏနေရင်ရေခဲရေထဲဆယ်ထည့်လိုက်၊
အဲဒါဆိုအရောင်မပျက်တော့ဘူး။စားလို့လည်းကောင်းတယ်။တို့စရာကတော့ပဲသီး၊
ပန်းပွင့်၊မုန်လာဥဖြူနဲ့နံနံပင်ပါ။ကဲ စားလို့ရပါပြီရှင်။

ပုဇွန်နဲ့ငါးဖယ်ဟင်း
ဒါကဗူးနဲ့ထည့်ထားတာပါ
အာလူးကြော်
ငါးပိရည်
တို့စရာ
ဖရဲသီး
စပျစ်သီး
 မနက်ဖြန်ဆိုရင်နှစ်ဟောင်းကုန်လို့နှစ်သစ်ကိုရောက်ပါတော့မယ်။မိတ်ဆွေတွေအားလုံး
ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့မင်္ဂလာနှစ်သစ် (၂၀၁၁)  ဖြစ်ကြပါစေရှင်။ဒီနေ့ ၂၀၁၀ ရဲ့နောက်ဆုံးနေ့လေးမှာ နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုဖို့ ပုံစံမျိုးစုံနဲ့ပြင် 
ဆင်နေကြပါတယ်။တချို့နိုင်ငံတွေမှာနှစ်သစ် ဖြစ်နေပေမဲ့၊တချို့နိုင်ငံတွေမှာ နှစ်ဟောင်း
မကုန်သေးပါဘူး။
ကမ္ဘာပေါ်မှာပထမဦးဆုံးနှစ်သစ် (၂၀၁၁) ကိုကူးတဲ့နိုင်ငံက KIRIBATI ဖြစ်ပြီးတော့၊
နောက်ဆုံးမှနှစ်သစ် (၂၀၁၁) ကူးတဲ့နိုင်ငံကတော့AMERICAN SAMOA  ဖြစ်ပါတယ်။

ကျမတို့နေတဲ့မြို့မှာလည်းမြန်မာမိသားစုတွေစုပြီး နှစ်သစ်ကိုကြိုဆိုဖို့ပြင်ဆင်နေ
ကြပါတယ်။ကျမတို့ကိုဖိတ်ထားပေမဲ့သမီးလေးကလည်းမသွားချင်၊ညဘက်လည်း
ကားမမောင်းချင်တာနဲ့မသွားဖြစ်တော့ပါဘူး။

ကမ္ဘာပေါ်မှာရှိနေကြ ဖြစ်နေကြတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအားလုံးဘေးရန်ကြောင့်ကြ
ဆင်းရဲကင်းပြီး ပျော်ရွှင်ချမ်းမြေ့တဲ့နှစ်သစ်မင်္ဂလာဖြစ်ကြပါစေရှင်။

Monday, December 27, 2010

ကျမနဲ့၂၀၁၀ ဒီဇင်ဘာ

ကျမဘလော့ကိုပစ်ထားမိတယ်။ဘာလို့လည်းဆိုတော့အလုပ်တွေရှုပ်
နေတာရော၊နဲနဲနေမကောင်းနေတာရောကြောင့်ပါ။ထမင်းဟင်းတောင်
ကောင်းကောင်းချက်မစားဖြစ်ဘူး၊တရုပ်ဆိုင်ကဝယ်လိုက်၊KFC ဝယ်စား
လိုက်၊ကြက်ဥကြော်စားလိုက်နဲ့ဖြစ်သလိုစားနေလိုက်ရတယ်။ဘလော့
တွေလည်ပြီးစာတွေဖတ်ဖြစ်ပေမဲ့comment တွေမရေးဖြစ်ဘူး။
ဒီရက်အတွင်းဘေဘီတို့ဆန်းနီတို့ချက်တာတွေရသာချိုတို့မချောတို့
လက်ရာတွေကိုပဲသွားချောင်းပြီးသွားရည်ကျနေရတယ်။
စိတ်လည်းနည်းနည်းညစ်နေတာကြောင့်ရောငြိမ်နေမိတာ။ဒီကြားထဲ

အလွဲတွေကဖြစ်သေးတယ်။တနေ့ကပေါ့...ကျမဝယ်နေကြငါးဆိုင်က
အမျိုးသမီးကဖုန်းဆက်တယ်၊ပုဇွန်အကောင်ကြီးရမယ် ယူမလားတဲ့။
ရေခဲသေတ္တာထဲမှာကြည့်တော့ ပုဇွန်ကကုန်ခါနီးပြီ၊သမီးလေးကလည်း
ပုဇွန်ကြိုက်တယ်၊ပြီးတော့ သူ့ဆီကပုဇွန်ကလတ်လတ်ဆတ်ဆတ်ရတာ၊
ရေခဲရိုက်ထားတာမဟုတ်တော့ စားလို့ပိုကောင်းတယ်။အဲဒါနဲ့ဘယ်နှစ် 
ပေါင်ရမလည်း၊ရသလောက်ကိုယ်ကယူမယ်ပေါ့၊နောက်တနေ့မနက် 
ဈေးမသွားခင် စိတ်ကူးထဲမှာပြန်လာရင်ဒီနေ့ပုဇွန်ချက်မယ်ပေါ့။ 
အဲဈေးလည်းရောက်ရော လွဲတာပဲ။မင်းသူငယ်ချင်းယူသွားပြီတဲ့။ ကိုယ်လာယူမယ်ပြောရဲ့နဲ့သူများကိုဘာလို့ပေးလိုက်ရတာလည်းဆို 
တော့သူကမင်းနဲ့အတူတူပဲ၊သူယူသွားမယ်ဆိုလို့ပေးလိုက်တာတဲ့။ 
ဖုန်းနံပါတ်လည်းပေးသွားတယ်ဆိုတာနဲ့ကိုယ်တော်တော်အံ့သြသွား 
တယ်။ကိုယ်ကအဲဒီဈေးကိုစူပါမါ့ကက်တွေထက်သက်သာပေမဲ့တော် ရုံမသွားဘူး၊လူအရမ်းရှုပ်လို့၊အဲဒီအမကအပါတ်တိုင်းသွားနေတာ၊သူ 
လိုချင်ရင်သူမှာပါလားနော်။ညီမရေ ညီမမှာထားတဲ့ပုဇွန်တွေ
ကောင်းလိုက်တာအမလည်းလိုချင်တယ်ဆိုရင်ကိုယ်မျှပြီးခွဲပေးမှာပါ။ 

ခုတော့ကိုယ့်ကိုလည်းဘာမှမပြောဘဲခပ်တည်တည်နဲ့ယူချသွားတာ။ 
လေးရက်လောက်နေတာ့အဲဒီအမနဲ့ကိုယ်တွေ့တယ်၊ပုဇွန်အကြောင်း 
ဘာမှကိုမပြောဘူး။ရက်စက်တယ်။ 
နောက်တရက်ကျတော့..... အိပ်ရာကနိုးရင်ကိုယ်ကနောက်ဖေးတံခါးဖွင့် 
ပြီးခြံထဲကိုပတ်ကြည့်တယ်။ဘာတွေခူးရမလဲပေါ့။အဲဒီနေ့က ကြက်ဟင်းခါး 
သီးတွေ တစ်ထွာလောက်ရှိမယ် ကိုးတောင့်ရတယ်။မြန်မာပြည်မှာတုန်းက
တော့ အိမ်မှာချက်ရင်မစားဘူး ခါးလို့၊ခုတော့စားချင်တာနဲ့ ကြက်ဟင်းခါး 
သီးကိုရေဆေးပြီးထက်ခြမ်းခွဲ ခပ်စောင်းစောင်းထူထူလေးလှီထားလိုက်တယ်၊ အာလူးကိုအခွံနွှာလက်မလောက်လေးတွေလှီးဆားလေးနဲနဲနယ်၊ဆီထဲမှာအ 
ရင်ကြော်ပြီးရင်ဆယ်ထား၊ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုပါးပါးလှီးပြီးဆနွင်းနဲ နဲထည့်ဆီသတ်၊နွမ်းသွားရင်ပုဇွန်ခြောက်မှုန့်ထည့် မွှေပြီးခဏနေတော့လှီး 
ထားတဲ့ ကြက်ဟင်းခါးသီးနဲ့ကြော်ထားတဲ့အာလူးထည့်ဆားသင့်ရုံထည့် မန်
 မန်မွှေပြီးအုပ်ထား (ကြာကြာမွှေရင်ခါးတတ်တယ်တဲ့)
ခဏနေတော့ အဖုံးဖွင့် ငံပြာရည်လေးနဲနဲထည့်မွှေပြီးမီးပိတ်ထားလိုက်တယ်။

ဇွန်းလေးနဲ့နဲနဲကော်ပြီးစားကြည့်တော့ ကောင်းမှကောင်း၊ခါးလည်းမခါးဘူး။
အဲဒီအချိန်မှာမိတ်ဆွေတစ်ယောက်ဆီကဖုန်းလာတယ် ဟိုပြောဒီပြောနောက်
ဆုံးမှာကြက်ဟင်းခါးသီးကြော်ထားတယ်မခါးဘူးစားမလားပေါ့။ဟိုကလည်း
ငြင်းတာ စားမယ်တဲ့ ဝမ်းသာအားရ၊ စားချင်နေတာအတော်ပဲတဲ့။ညနေလာပို့
ပေးမယ်ပြောလိုက်တယ်။ဖုန်းချပြီးဗူးနှစ်ဗူးထုတ် သူ့အတွက်တဗူးကိုယ့်အ
တွက်တဗူးထည့်ထားလိုက်တာပေါ့။ခဏနေတော့အမျိုးသားကမရောက်တာ
ကြာပြီဖြစ်တဲ့မိတ်ဆွေတယောက်အိမ်သွားမလို့ဘာပေးစရာရှိလဲတဲ့။ဟိုဟာဒီ
ဟာထည့်ရင်း၊အဲဒီကြက်ဟင်းခါးသီးကြော်လေးပါပေးလိုက်ပါလားတဲ့။အဲလိုနဲ့
ကိုယ့်အတွက်ခွဲထားတဲ့ဗူးလေးထည့်ပေးလိုက်ရော။နောက်တခါသီးမှပြန်
ကြော်စားကြတာပေါ့တဲ့။ တခါ...မိတ်ဆွေတယောက်အိမ်လာလည်တော့စကားပြောကြရင်း၊ကိုယ်က
ဒန့်သလွန်သီးနဲ့ငါးနဲ့စားချင်လိုက်တာပေါ့။အပင်မှာ ဒန့်သလွန်သီးအရင့်တွေ
နဲ့အပွင့်တွေပဲရှိနေတယ် ဆိုပြီးပြောတော့သူကညီမရယ်ဒန့်သလွန်အပွင့်နဲ့အ
ရွက်ကိုရေနွေးဖျောပြီးသုပ်စားလိုက်ပေါ့တဲ့၊သုပ်နည်းတောင်ပြောပြသေးတယ်။
ကိုယ်စားချင်တာနဲ့သူစားခိုင်းတာတခြားစီပဲနော်။
တရက်ကျတော့...ဆေးရုံမှာအမျိုးသားကိုစောင့်ရင်းလူနာတွေထိုင်တဲ့ခုံတန်းလေး
မှာထိုင်နေတုန်း ကိုယ့်ရှေ့မှာအမျိုးသမီးနှစ်ယောက်လာထိုင်တယ်။ကိုယ်ကလည်း
ဖုန်းကို ကလိနေရင်းကိုယ့်ကိုတယောက်ယောက်ကြည့်နေသလိုထင်တာနဲ့ဟို 
ီကြည့်တော့အဲဒီနှစ်ယောက် ကိုယ့်ကိုကြည့်ပြီးတခုခုပြောနေကြတယ်။ကိုယ်
လည်းသူတို့ကိုပြုံးပြပြီး ဖုန်းကိုဆက်ကလိနေတာပေါ့။ခဏနေတော့ အသက်နဲနဲ
ကြီးတဲ့အမျိုးသမီးကထလာပြီးကိုယ့်နားမှာထိုင်မလိုနဲ့ကိုယ့်ဒူးကိုလာကိုင်တယ်၊
ကိုယ်လည်းခုံပေါ်တင်ထားတဲ့ခြေထောက်ကို အောက်ချပြီးနေရာနဲနဲရွှေ့ပေးလိုက် 
တယ်။အဲဒီတော့မှသူတို့နှစ်ယောက်ကရီပါလေရော၊ကိုယ်ကခြေထောက်ကိုခုံပေါ်
တင်ပြီးထိုင်နေတာကိုသူတို့က ကိုယ့်မှာခြေထောက်တွေမရှိဘူးထင်နေတာတဲ့၊
ကောင်းရော ကိုယ်တို့ထိုင်သလိုတင်ပလ္လင်ခွေပြီးသူတို့မထိုင်တတ်ကြဘူး။သူတို့နဲ့
တွေ့မှပဲကိုယ့်မှာခြေပြတ်ဖြစ်ရတော့မလို့၊ခြေထောက်အောက်ချလိုက်တာမြန်ပေ
လို့ပဲ။ 
ဒီပို့စ်ရေးနေတုန်းပေါ့...ကိုယ့်အမျိုးသားကနောက်ကနေခေါင်းငုံပြီးဘာတွေရေးနေ
တာလဲတဲ့၊ကိုယ်ကလည်းအလွဲလေးတွေအကြောင်းရေးနေတာဆိုပြီး၊သူ့ခေါင်းကို
ချစ်စနိုးနဲ့ဖိချလိုက်တာပေါ့။အဲဒီမှာလွဲတာပဲ၊သူကခေါင်းပေါ်မှာမျက်မှန်ကိုတင်ထား
တယ်လေ။ကိုယ့်လက်ကမျက်မှန်ကိုဆွဲချသလိုဖြစ်သွားပြီး၊မျက်မှန်ကိုင်းကကျိုးသွား
ပါရော။တော်သေးရဲ့မှန်ကကွဲမသွားပဲကိုင်းတင်ကျိုးလို့နောက်တနေ့ဆိုင်မှာကိုင်း
သွားလဲလိုက်ရတယ်။မှန်ကွဲလို့အသစ်လုပ်ရမယ်ဆိုတစ်ပတ်လောက်အနဲဆုံးကြာမှာ။
သူကရှေ့အပတ်မှာစာမေးပွဲရှိတယ်လေ။ခုတော့သူအနားကပ်လာရင်ချစ်စနိုးမလုပ်
ရဲတော့ဘူး။အဲဒီအထိမခံရွှေမျက်မှန်လေးနဲ့လည်းဝေးဝေးမှာပဲနေတော့တယ်။
ဟီး...လွဲပုံများပြောပါတယ်။

Thursday, December 2, 2010

ပုဇွန်ချဉ် လုပ်ကြည့်ရအောင်

တနေ့တနေ့ဘာချက်ရမလဲမသိတော့ဘူး။ဝက်သားလည်းမစားတော့
ငါး၊ပုဇွန်၊ကြက်သားဒါဘဲထပ်နေရော၊ဟင်းချက်ကောင်းတဲ့ဘလော့တွေ
လိုက်လည်ပြီး၊ဘာတွေများထူးထူးဆန်းဆန်းချက်ထားကြလည်းလိုက်ကြည့်
ရတာအမောကွယ်။ဒီမှာကဟင်းသီးဟင်းရွက်ကလည်းရှားသေးရဲ့။မြန်မာစာ
စားဖို့ကိုယ့်ဟာကိုယ်မလုတ်တတ်ရင်တော့ဘာမှမစားရဘူး။
အခုလည်း ပုဇွန်ချဉ်စားချင်တာနဲ့မိတ်ဆွေတယောက်ကလည်းဘယ်လိုလုပ်
ရလည်းမေးတာနဲ့ပုဇွန်ချဉ်မလုတ်တတ်တဲ့ မိတ်ဆွေတွေအတွက်ကျမရဲ့
ပုဇွန်ချဉ်လုပ်နည်းလေးကို မျှဝေပေးတာပါ။ယိုးဒယားကလာတဲ့နမ်အမှုန့်

ထုတ်လေးရှိရင်ရပြီ။

 


         NAM POWDER (နမ်အမှုန့်)

အရမ်းကိုလွယ်ပါတယ်။ပထမဦးဆုံးပုဇွန်အရွယ်တော်လေးတွေကိုအခွံခွါသန့်
ရှင်းပြီးရေစစ်ထားလိုက်ပါ။
ပြီးရင်ဇလုံတလုံးထဲမှာပုဇွန်၁ပေါင်၊ထမင်းလက်နှစ်ဆုပ်လောက်၊နမ်အမှုန့်
တထုပ်ရယ်အားလုံးရောနယ်ပြီးပလပ်စတစ်အိပ်ထဲမှာကျစ်နေအောင်စီးပြီး၊
ရေခဲသေတ္တာထဲမှာ၂၄နာရီထားလိုက်ပါနော်။နောက်တနေ့ရေခဲသေတ္တာဖွင့်
ကြည့်လိုက်ရင်တော့ပန်းနုရောင်ပုဇွန်ချဉ်မွှေးမွှေးလေးရပြီပေါ့။
ပုဇွန်ကိုအကောင်လိုက်မစားချင်ဘဲ ကြေကြေစီးစီးလေးစားချင်ရင်တော့
ပုဇွန်နဲ့ထမင်းတွေကိုစက်နဲ့အရင်ကြိတ်ပြီးမှနမ်အမှုန့်နဲ့နယ်လိုက်ရင
်မြန်မာ
ပြည်မှာရောင်းတဲ့ ဖက်နဲ့ထုပ်ထားတဲ့ပုဇွန်ချဉ်အတိုင်းဖြစ်ပါတယ်။
ဒီနေ့တော့ပဲနီလေးဟင်းချို၊ကြက်သားကြော်၊ကြက်သားကိုဆား၊ဆနွင်း၊
ဂျင်းကြက်သွန်ဖြူအရည်ညှစ်၊သံပုရာတစိတ်လောက်ညှစ်ထည့်ခဏနှပ်ထား
ပြီးဗမာကြော်ကြော်ပါတယ်။ပုဇွန်ချဉ်ကို ကြက်သွန်နီပါးပါးလှီး၊ငြုပ်သီးစိမ်း၊
ပင်စိမ်းနဲနဲဆီစိမ်းဆမ်းပြီသုပ်ပါတယ်။မုန်ညင်းဖြူကြော်၊ငြုပ်သီးဆားထောင်း
လေးနဲ့ထမင်းစားလို့ကောင်းပါတယ်။
ဝက်သားစားရင်နမ်အမှုန့်ထုပ်နဲ့ဝက်သားချဉ်လုပ်လို့ရပါတယ်။ကျမကဝက်
သားမစားလို့ ပုဇွန်လုပ်တာပါ။အဲဒီအမှုန့်နဲ့ငါးချဉ်လည်းလုပ်လို့ရပါတယ်။

Wednesday, November 24, 2010

ဝေဒနာ အဖြေရှာ - အရှင်ပညာသီဟ

လောကချမ်းသာ ဆိုတဲ့ဘလော့မှာ ရေးထားတဲ့ ဝေဒနာ အဖြေရှာ - အရှင်ပညာသီဟ
ဆိုတဲ့ ဆောင်းပါးလေးကို လောကချမ်းသာမှာ ခွင့်တောင်းပြီး မဖတ်ရသေးတဲ့မိတ်ဆွေ 

တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

မေး။ ။ အေအိုင်ဒီအက်စ်ရောဂါကို ကာကွယ်နိုင် ကုသနိုင်တဲ့ ဆေးဝါးတွေ ယခုအထိ မပေါ်သေးတဲ့အတွက် ဒီရောဂါဖြစ်ကြတဲ့ ဝေဒနာရှင်တွေဟာ မျှော်လင့်ချက် ကင်းမဲ့ပြီး စိတ်ဓာတ်ကျဆင်းတတ်ကြပါတယ်။ အချို့ဆိုရင် စိတ်သောကဖိစီးလွန်းတဲ့အတွက် သေကြောင်းကြံကြတာမျိုး၊ ရူးသွပ်သွားတာမျိုးအထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အေအိုင်ဒီအက်စ်ရောဂါနဲ့ အလားတူ ပြင်းထန်တဲ့ အခြားရောဂါဝေဒနာတွေကို ခံစားနေကြရသူတွေအနေနဲ့ သူတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာတွေ သက်သာသွားအောင် ဗုဒ္ဓနည်းလမ်းအရ ဘယ်ပုံဘယ်နည်း တွေးခေါ် ကျင့်ကြံ ဆောင်ရွက်သွားသင့်တယ်ဆိုတာကို မိန့်ကြားပေးတော်မူပါဘုရား။

ဖြေ။ ။ ပြင်းထန်တဲ့ ရောဂါဝေဒနာ စွဲကပ်လာပြီး၊ ကုသလို့လည်း မရတော့ဘူး, ဒီရောဂါနဲ့ပဲ သေရတော့မယ်လို့ သိနေတယ်ဆိုရင် စိတ်ဆင်းရဲမှု ဖြစ်တာဟာ သာမန်လူသားတွေအတွက် သဘာဝပါပဲ။

စိတ်ဆင်းရဲမှု သက်သာအောင် ခန္ဓသံယုတ်၊ နကုလပိတုသုတ်မှာ “နာကျင်တဲ့ ခန္ဓာကိုယ်ရှိတဲ့သူအား နာကျင်တဲ့ စိတ်မရှိစေရ။ နာကျင်မှု ကင်းစေရမယ်”လို့ စိတ်ထားရှိဖို့လိုကြောင်း ဘုရားရှင်က နကုလပိတု ဒကာကြီးကို မိန့်ကြားခဲ့ပါတယ်။
အဲဒီလို စိတ်ထားနိုင်ရင် စိတ်သက်သာရာ ရနိုင်ပါတယ်။
မထားနိုင်ဘူးဆိုရင်တော့ ဆင်းရဲဝေဒနာ ခံစားရတဲ့အခါမှာ စိုးရိမ်မှု၊ ပင်ပန်းမှု၊ တွေဝေမိန်းမောမှုတွေ ဖြစ်မှာပါပဲ။
ဒါကြောင့် ကိုယ်ဆင်းရဲသာမက စိတ်ဆင်းရဲပါ ခံစားရလို့ ပိုပြီး ဆင်းရဲ ပင်ပန်းပါတယ်။
ဥပမာ - ဆူးတစ်ချောင်း စူးဝင်နေတာကို နောက်ထပ်ဆူးတစ်ချောင်းနဲ့ ထပ်ပြီး ထိုးဆွတဲ့အခါ ပိုပြီး နာသာခံခက် ဖြစ်သလိုပါပဲ။

ဝေဒနာတစ်ခု ရရှိလာတဲ့အခါ အဲဒီဝေဒနာအပေါ် သဘောထား တုန့်ပြန်မှု၊ ဝေဒနာကို ခံယူမှု စိတ်ထားမှန်ကန်ဖို့ အရေးကြီးပါတယ်။
ဆိုကြပါစို့ .... ဆင်းရဲတဲ့ ဝေဒနာနဲ့ တွေ့ကြုံတဲ့အခါ အဲဒီဝေဒနာခံစားရတာကို မကျေနပ်မှု၊ မနှစ်သက်မှုနဲ့ တုန့်ပြန်ရင် ပိုပြီး စိတ်ပင်ပန်းပါတယ်။
ချမ်းသာတဲ့ ဝေဒနာနဲ့ တွေ့ကြုံတဲ့အခါ သာယာတဲ့အနေနဲ့ တုန့်ပြန်ရင် တပ်မက်မှု ဖြစ်တတ်ပါတယ်။
ဝေဒနာရဲ့သဘော၊ ဝေဒနာရဲ့ချုပ်ပျောက်ကြောင်း, ဝေဒနာရဲ့ထွက်မြောက်ကြောင်းတွေကို အမှန်အတိုင်း မသိဘူးဆိုရင် ဝေဒနာကို ကိုယ်က ကောင်းတဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ မကောင်းတဲ့အနေနဲ့ပဲဖြစ်ဖြစ် တနည်းနည်းနဲ့ လက်ခံမိမှာပါပဲ။

ဝေဒနာတစ်ခုကို ကိလေသာနဲ့ ယှဉ်ပြီး မခံစားဘူးဆိုရင်တော့ ဒုက္ခဝေဒနာနဲ့ တွေ့တဲ့အခါ ကိုယ်သာ ဆင်းရဲပြီး၊ စိတ်မဆင်းရဲပါဘူး။
ဝေဒနာကို အကြောင်းပြုပြီး စိုးရိမ်မှု ပူပန်မှုတွေလည်း ဖြစ်မှာ မဟုတ်ပါဘူး။
ဝေဒနာရဲ့ သဘောအမှန်ကို သိလို့ ဘယ်လောက် ပြင်းထန်တဲ့ ဝေဒနာကိုပဲ ခံစားရ ခံစားရ စိတ်ဓာတ်ကျဆင်းမှု သောကဖိစီးမှုတွေ ဖြစ်မှာ မဟုတ်ပါဘူး။

နောက်ထပ် နှလုံးသွင်း တွေးခေါ် ကျင့်ကြံဆောင်ရွက်ဖို့ကတော့ လောကမှာ တောင့်တလို့ မရတဲ့ အရာငါးမျိုးကို နားလည် သဘောပေါက်ပြီး လက်ခံရမှာ ဖြစ်ပါတယ်။
ဘုရားရှင်က အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဌာနသုတ်မှာ -
(၁) အိုခြင်းသဘောရှိတဲ့ အရာကို မအိုပါစေနဲ့လို့ တောင့်တမရဘူး၊
(၂) နာခြင်းသဘောရှိတဲ့ အရာကို မနာပါစေနဲ့လို့ တောင့်တမရဘူး၊
(၃) သေခြင်းသဘောရှိတဲ့ အရာကို မသေပါစေနဲ့လို့ တောင့်တမရဘူး၊
(၄) ကုန်ဆုံးခြင်းသဘောရှိတဲ့ အရာကို မကုန်ဆုံးပါစေနဲ့လို့ တောင့်တမရဘူး၊
(၅) ပျက်စီးခြင်းသဘောရှိတဲ့ အရာကို မပျက်စီးပါစေနဲ့လို့ တောင့်တမရဘူးလို့ တောင့်တလို့ မရတဲ့ အရာငါးမျိုးကို ဟောထားပါတယ်။

သာမန်လူတွေအနေနဲ့ အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ “သြော် ငါ့မှာသာ အိုမှု နာမှု သေမှု ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်တာမဟုတ်ဘူး၊ အခြားသတ္တဝါတွေမှာလည်း အိုမှု နာမှု သေမှု ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်တာပဲ။ အိုမှု နာမှု သေမှု ပျက်စီးဆုံးရှုံးမှုတွေကို အကြောင်းပြုပြီး စိုးရိမ်ပူပန်နေမယ်ဆိုရင် ငါ့မှာ ထမင်းလည်း စားမဝင်၊ ရုပ်အဆင်းလည်း ဖောက်ပြန်၊ အလုပ်အကိုင်လည်း ပျက်မယ်၊ ငါ ဆင်းရဲဒုက္ခရောက်နေတာကို ကြည့်ပြီး ရန်သူတွေက ဝမ်းသာပြီး မိတ်ဆွေတွေက ဝမ်းနည်းကြလိမ့်မယ်”လို့ မဆင်ခြင်, နှလုံးမသွင်းတတ်ကြပါဘူး။
အဲဒီလို နှလုံး မသွင်းတတ်လို့ ရောဂါဝေဒနာကို အကြောင်းပြုပြီး စိုးရိမ်မှု ပူပန်မှု ငိုကြွေးမှု တွေဝေမှုတွေ ဖြစ်ပါတယ်။
အဲဒီအခါမှာ အဆိပ်နဲ့တူတဲ့ သောကမီးဟာ ရင်မှာ လောင်မြိုက်ပြီး မိမိကိုယ်ကို ပူပန်စေပါတော့တယ်။

အိုမှု၊ နာမှု၊ သေမှု၊ ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ “သြော် ... ငါ့မှာသာ အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်တာ မဟုတ်ဘူး၊ အခြားသတ္တဝါတွေမှာလည်း အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်တာပဲ။ အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေကို အကြောင်းပြုပြီး စိုးရိမ် ပူပန်နေမယ်ဆိုရင် ငါ့မှာ ထမင်းလည်း စားမဝင်၊ ရုပ်အဆင်းလည်း ဖောက်ပြန်၊ အလုပ်အကိုင်လည်း ပျက်မယ်၊ ငါဆင်းရဲ ဒုက္ခရောက်နေတာကို ကြည့်ပြီး ရန်သူတွေက ဝမ်းသာပြီး မိတ်ဆွေတွေက ဝမ်းနည်းကြလိမ့်မယ်”လို့ ဆင်ခြင်နိုင်၊ နှလုံးသွင်းနိုင်မယ်ဆိုရင် ရောဂါဝေဒနာကို အကြောင်းပြုပြီး စိုးရိမ်မှု ပူပန်မှု ငိုကြွေးမှု တွေဝေမှုတွေ ဖြစ်မှာ မဟုတ်ပါဘူး။
အဲဒီအခါမှာ အဆိပ်နဲ့ တူတဲ့ သောကငြောင့်ကို ပယ်နုတ်ပြီး ဖြစ်လို့ ငြိမ်းအေး ချမ်းသာစွာ နေနိုင်ပါမယ်။
ဒါကြောင့် ပြင်းထန်တဲ့ ရောဂါဝေဒနာ ရလာတဲ့အခါ ပူပင်သောက မရောက်ဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမယ်ဆိုရင် စိတ်သက်သာရာ ရနိုင်ပါတယ်။

နောက်ပြီး ရောဂါဝေဒနာ ရပင်ရငြားသော်လည်းပဲ အသက်ရှင်နေသေးတဲ့ ကျန်ရှိနေတဲ့ ဘဝအစိတ်အပိုင်းမှာ ဗုဒ္ဓါနုဿတိ စတဲ့ ကုသိုလ်တရားတွေ ပွားများခွင့် ရနေသေးတယ်။
ဝိပဿနာအလုပ်ကို အားထုတ်ဖို့ အခွင့်ရနေသေးတယ်။
ရလာတဲ့ ဝေဒနာဟာ ငါ့အတွက် တရားရှုမှတ်စရာ ဖြစ်တယ်လို့ နှလုံးသွင်းလိုက်ရင် မျှော်လင့်ချက်ကင်းတယ်လို့ မယူဆနိုင်တော့ပါဘူး။
မိမိခံစားနေရတဲ့ ဝေဒနာကိုပဲ တရားရှုမှတ် ပွားများနိုင်ရင် စိတ်သက်သာရာ ရပြီး တရားထူး တရားမြတ်တောင် ရနိုင်ပါသေးတယ်။

ဘယ်လို ရှုမှတ်ရ

မေး။ ။ ဝေဒနာရှင်တွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာတွေကို သက်သာသွားအောင် ဆောင်ရွက်ရာမှာ သတိပဋ္ဌာန်တရားတော်နဲ့ ဝိပဿနာနည်းလမ်းတွေကို လိုက်နာကျင့်ကြံပြီါ် ဆောင်ရွက်သင့်,မသင့်နဲ့ အကယ်၍ ကျင့်ကြံဆေင်ရွက်သင့်တယ်ဆိုရင် မိမိရဲ့ အိမ်မှာ နေရင်း ဘယ်လို ကျင့်ကြံ ဆောင်ရွက်နိုင်တယ်ဆိုတာကို မိန့်ကြားတော်မူပါဘုရား။


  ဘာကြောင့်လည်းဆိုရင် သတိပဋ္ဌာန်တရားကို အားထုတ်တဲ့သူဟာ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးရခြင်းတို့ကို လွန်မြောက်တယ်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုကို ချုပ်ငြိမ်းစေတယ်လို့ မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင်က အတိအလင်း အာမခံချက် ပေးထားပါတယ်။
တခါတုန်းက သာဝတ္ထိပြည် အန္ဓဝန်တောမှာ သီတင်းသုံးတော်မူတဲ့ အရှင်အနုရုဒ္ဓါမထေရ်မြတ် အပြင်းအထန် မနာမကျန်း ဖြစ်တော်မူတယ်။
အဲဒီအခါမှာ သံဃာတော်တွေက အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို “အရှင်ဘုရားမှာ အပြင်းအထန် ဝေဒနာခံစားနေရပေမယ့် ဖြစ်ပေါ်လာတဲ့ ဝေဒနာဟာ အရှင်ဘုရားစိတ်ကို ဘာကြောင့် မလွှမ်းမိုးနိုင်ပါသလဲ”လို့ မေးပါတယ်။

ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ဒါလောက်ပြင်းထန်တဲ့ ဝေဒနာရရှိနေပါလျက်နဲ့ ဘာကြောင့် ငြီးငြူပင်ပန်း ရင်ပတ်စည်တီး ငိုကြွေးမြည်တမ်းခြင်း မဖြစ်ပါသလဲလို့ မေးတာပါပဲ။
ဒီတော့ အရှင်အနုရုဒ္ဓါမထေရ်က “ငါ့ရဲ့ စိတ်ဟာ သတိပဋ္ဌာန်လေးပါးမှာ ကောင်းစွာ တည်နေလို့ ပြင်းထန်တဲ့ ဝေဒနာ ရရှိသော်လည်း အဲဒီဝေဒနာက ငါ့စိတ်ကို မလွှမ်းမိုးနိုင်ဘူး”လို့ ပြန်ဖြေပါတယ်။
ဖြစ်ပေါ်လာတဲ့ ဝေဒနာကို သတိပဋ္ဌာန်နည်းနဲ့ ရှုမှတ်ပွားများလိုက်တော့ ဝေဒနာရဲ့ အနှိပ်အစက်ကို မခံစားရတော့ဘူးလို့ ဆိုလိုတာပါပဲ။
ဒါကြောင့် ဝေဒနာရှင်တွေဟာ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်သင်ပါတယ်။

ဝေဒနာရှင်တွေဟာ အိမ်မှာ နေရင်း အချိန်ရသလောက် တရားရှုမှတ် ပွားများသင့်ပါတယ်။
တရားရှုမှတ်တယ်ဆိုတာ ဘုရားရှေ့မှာ ထိုင်ပြီး တရားရှုမှတ်မှ ဖြစ်တာ မဟုတ်ပါဘူး။
မိမိရဲ့ နေ့စဉ်ဘဝ လုပ်ကိုင်ဆောင်ရွက်ရာတွေမှာ သတိကပ်ပြီး လုပ်ကိုင်ဆောင်ရွက်တယ်ဆိုရင် တရားရှုမှတ်နေတာပါပဲ။
များသောအားဖြင့် လူတွေမှာ မိမိလုပ်ကိုင်ဆောင်ရွက်နေတာက တခြား၊ စိတ်ကူးနေတာက တခြား အဖြစ်များတတ်ပါတယ်။
အဲဒီ စိတ်ကူးတွေထဲမှာ စိုးရိမ်စရာ၊ ပူပန်စရာ၊ မကျေနပ်စရာ၊ လိုလားတပ်မက်စရာတွေ ဝင်ရောက် နေရာယူနေတတ်ပါတယ်။
အဲဒီလို မဝင်အောင် သွားတဲ့အခါမှာလည်း သွားတယ် ... သွားတယ်၊ စားတဲ့အခါမှာလည်း စားတယ်, စားတယ်လို့ သတိကပ်ပြီး နေထိုင်နိုင်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်မှာ ကိုယ်အမူအရာ စိတ်အမူအရာ အားလုံးကို သတိကပ်ပြီး ရှုမှတ်ဖို့ ဟောကြားထားပါတယ်။
ဆိုကြပါစို့ --- ပန်းကန်ဆေးနေတယ်။ ဆေးတဲံအခါ လက်ကသာ ပန်းကန်ကို ပွတ်တိုက်နေပေမယ့် စိတ်က တခြားကို ရောက်နေတတ်တယ်။ တခြားကို ရောက်နေပြီဆိုကတည်းက စိုးရိမ်စရာ၊ ပူပန်စရာ၊ မကျေနပ်စရာ၊ လိုလားတပ်မက်စရာတွေထဲက တစ်ခုခု ဖြစ်နေတာပဲ။
အဲဒီလို မဟုတ်ဘဲ စိတ်က ပွတ်တိုက်နေတဲ့ ပန်းကန်အပေါ် လက်အပေါ်မှာ ရောက်နေရင် စိုးရိမ်စရာ၊ ပူပန်စရာ၊ မကျေနပ်စရာ၊ လိုလား တပ်မက်စရာတွေ ဝင်မလာတဲ့အတွက် စိတ်ဟာ ကြည်လင် လန်းဆန်း အေးမြ ငြိမ်သက်နေတယ်။
ဒါကြောင့် မိမိရဲ့ နေ့စဉ်ဘဝ လုပ်ကိုင် ဆောင်ရွက်ရာတွေမှာ သတိကပ်ပြီး လုပ်ကိုင် ဆောင်ရွက်ရင်း တရားရှုမှတ်နိုင်ပါတ်။

ဘာကို နှလုံးသွင်းရ

မေး။ ။ အေအိုင်ဒီအက်စ်ရောဂါနဲ့ အလားတူ ပြင်းထန်တဲ့ တခြားရောဂါဝေဒနာတွေကို ခံစားနေကြရသူတွေအနေနဲ့ ရွတ်ဖတ်ပွားများ အားထုတ်သင့်တဲ့ သုတ္တန်နဲ့ ဂုဏ်တော် တရားတော်တွေအကြောင်းကို ရှင်းလင်း မိန့်ကြားပေးတော်မူပါ ဘုရား။ ဒီလို မိန့်ကြားရာမှာ အဲဒီ တရားတော်တွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဒီတရားတော်တွေကို ရွတ်ဖတ်ပွားများခြင်းအားဖြင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကိုလည်း ထည့်သွင်း မိန့်ကြားမေးတော်မူပါဘုရား။

ဖြေ။ ။ ဝေဒနာရှင်များအနေနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်တော်တွေ၊ မိမိရဲ့ သီလဂုဏ်၊ ပေးကမ်းစွန့်ကြဲမှုဂုဏ်တွေကို ဆင်ခြင် အောက်မေ့နိုင်ပါတယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေအနေနဲ့ကတော့ မိမိဆိုင်ရာ ဘာသာတရားရဲ့ အထွတ်အမြတ်ထားမှု၊ ကောင်းမြတ်တဲ့ ဆိုဆုံးမမှုတွေကို ဆင်ခြင် အောက်မေ့နိုင်ပါတယ်။

အင်္ဂုတ္တရနိကာယ်၊ အာဟုနေယျဝဂ်၊ မဟာနာမသုတ်မှာ - “ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော်တွေ၊ မိမိရဲ့ သီလဂုဏ်၊ ပေးကမ်းစွန့်ကြဲမှုဂုဏ်တွေကို ဆင်ခြင်အောက်မေ့တဲ့အခါ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်မှာ ရာဂထကြွ သောင်းကျန်းမှု မဖြစ်၊ ဒေါသ, မောဟ ထကြွသောင်းကျန်းမှု မဖြစ်ဘဲ ဖြောင့်မတ်တဲ့ စိတ်တွေ ဖြစ်နေမယ်။ အဲဒီလို ဖြောင့်မတ်တဲ့စိတ်ရှိသူမှာ တရားနဲ့ပတ်သက်တဲ့ ဝမ်းမြောက်မှုကို ရတယ်။ ဝမ်းမြောက်ရင် နှစ်သက်မှု ဖြစ်တယ်။ နှစ်သက်တဲ့ စိတ်ရှိရင် ကိုယ်ငြိမ်းအေးတယ်။ ငြိမ်းချမ်းတဲ့ကိုယ်ရှိတဲ့သူဟာ ချမ်းသာကို ခံစားရတယ်”လို့ ဘုရားရှင် ဟောထားပါတယ်။
ဒါကြောင့် ရောဂါဝေဒနာ ရနေတဲ့သူတွေဟာ ဘုရားဂုဏ် စသည်တွေကို ဆင်ခြင် အောက်မေ့မယ်ဆိုရင် ရောဂါ ဝေဒနာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ညစ်ညူးမှုတွေ ကင်းဝေးပြီး အေးအေးချမ်းချမ်း နေနိုင်ပါလိမ့်မယ်။

နောက်ထပ် ရွတ်ဖတ် ပွားများသင့်တဲ့ သုတ်တွေကတော့ အဘိဏှသုတ်၊ ဗောဇ္ဈင်္ဂသုတ်တို့ ဖြစ်ပါတယ်။
အဲဒီသုတ်တွေရဲ့ အနက်အဓိပ္ပာယ်တွေကိုလည်း သိအောင် လေ့လာသင့်ပါတယ်။
ဗောဇ္ဈင်္ဂသုတ်လာ ဗောဇ္ဈင်တရားတွေဟာ ရောဂါပျောက်ရေးဝယ် မန္တာန်သဖွယ်၊ ဆေးသဖွယ် ဖြစ်ပါတယ်။
အရှင်မဟာကဿပနဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ မနာမကျန်းဖြစ်စဉ်က ဘုရားရှင်ကိုယ်တိုင် ဗောဇ္ဈင်တရားတွေကို ရွတ်ဖတ် ချီးမြှင့်ပေးခဲ့တယ်။
ဘုရားရှင်ကိုယ်တိုင် ရွတ်ဖတ် ချီးမြှင့်ပေးတဲ့ ဗောဇ္ဈင်တရားတွေကို နာကြား နှလုံးသွင်း ပွားများလိုက်တော့ အရှင်မြတ်တွေမှာ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေ ကင်းပျောက်သွားတယ်။
ဘုရားရှင်ကိုယ်တော်တိုင် မနာမကျန်းဖြစ်တဲ့အခါမှာလည်း ဒီဗောဇ္ဈင်တရားတွေကို ရွတ်ဖတ်ပူဇော်ပေးဖို့ အရှင်စုန္ဒမထေရ်ကို တိုက်တွန်းပြီး၊ အရှင်စုန္ဒမထေရ် ရွတ်ဖတ်တဲ့ ဗောဇ္ဈင်တရားတွေကို နာကြား နှလုံးသွင်း ပွားများလိုက်တော့ ဘုရားရှင်မှာ ဖြစ်ပေါ်လာတဲ့ ရောဂါ ဝေဒနာတွေ ကင်းပျောက်သွားတယ်။

ဒါကြောင့် ရောဂါ ဝေဒနာရှင်တွေအနေနဲ့ ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်၊ နာကြား၊ နှလုံးသွင်း၊ ပွားများသင့်တယ်။
ရွတ်ဖတ်ရုံ၊ နာကြားရုံနဲ့တော့ မလုံလောက်သေးဘူး။
ဗောဇ္ဈင်တရား ခုနစ်ပါးကို ပွားများရမယ်။
ဗောဇ္ဈင်ခုနစ်ပါးကို ပွားများရမယ်ဆိုတော့ ပွားများစရာတွေ များတယ်လို့ ထင်မယ်။ မများပါဘူး။ ဝိပဿနာတရားကို ပွားများအားထုတ်ရင် ဗောဇ္ဈင်ခုနစ်ပါးကို ပွားများပြီးသား ဖြစ်သွားတာပါပဲ။
အဲဒီလို ဗောဇ္ဈင်ခုနစ်ပါး အကျုံးဝင်တဲ့ ဝိပဿနာတရားကို အားထုတ်ရင် လတ်တလော ခံစားနေရတဲ့ ရောဂါ ဝေဒနာလည်း ပျောက်ကင်းမယ်။ နောက်ပြီး အပြည့်အစုံ ကြိုးစား အားထုတ်နိုင်မယ်ဆိုရင် ကိလေသာ အနာရောဂါတွေ လုံးဝ ကင်းစင်ပြီး ငြိမ်းအေး ချမ်းသာတဲ့ဓာတ်ကို ရရှိမှာ ဖြစ်ပါတယ်။

ဘယ်လို နှစ်သိမ့်ရ

မေး။ ။ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို ခံစားနေရသူအချို့ဟာ သေခြင်းတရားရဲ့ ခြိမ်းခြောက်ဖိစီးမှုဒဏ်ကို အဆမတန် ခံစားကြရတဲ့အတွက် သတိလက်လွတ်ဖြစ်ကြရပါတယ်ဘုရား။ ဒါကြောင့် ဒီလို ပုဂ္ဂိုလ်တွေရဲ့ စိတ်နှလုံး အေးချမ်းသွားအောင် ဗုဒ္ဓနည်းကျ နှစ်သိမ့်ပေးနိုင်မယ့် တရားတွေအကြောင်းကိုလည်း မိန့်ကြားတော်မူပါဘုရား။

ဖြေ။ ။ သေခါနီးကာလမှာ သတိလက်လွတ်ဖြစ်ပြီး စိတ်နှလုံး မအေးချမ်းတာဟာ မိမိအတွက် စိုးရိမ်ပူပန်တာကြောင့် ဖြစ်သလို ကျန်ရစ်ခဲ့မယ့် ဆွေမျိုးသားချင်းတွေအတွက် စိုးရိမ်ပူပန်တာကြောင့်လည်း ဖြစ်တယ်။
ဒါကြောင့် ဝေဒနာရှင်ရော ကျန်ရစ်ခဲ့မယ့်သူတွေအတွက်ပါ စိုးရိမ်မှုမဖြစ်အောင် နှစ်သိမ့်ပေးရပါတယ်။

ရောဂါဝေဒနာခံစားရသူတွေ စိတ်နှလုံး အေးချမ်းအောင် ဘုရားရှင်ကိုယ်တော်တိုင် ဆောင်ရွက်ပေးခဲ့ရတဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။

မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့အခါ ဒီဃာဝုဥပါသကာ မကျန်းမမာဖြစ်လို့ ပင့်လျှောက်တာနဲ့ ဒီဃာဝုဥပါသကာဆီ ကြွရတယ်။
ရောက်တဲ့အခါ ရောဂါသက်သာရဲ့လားလို့ မေးတော့ မသက်သာကြောင်း၊ ရောဂါတိုးလာကြောင်း၊ ဒီရောဂါနဲ့ သေရတော့မယ့်အကြောင်းတွေကို လျှောက်ကြားတယ်။

ဒီတော့ ဘုရားက -
“ဒီဃာဝု၊ သင့်မှာ ဘုရားကို ယုံကြည်မှု၊ ငါးပါးသီလ လုံခြုံမှု ရှိရဲ့လား”လို့ မေးပါတယ်။
ဒီတရားတွေ တပည့်တော်သန္တာန်မှာ ရှိပါတယ်ဘုရားလို့ လျှောက်တော့ ဘုရားက ထပ်ပြီး မေးတယ်။

“ဒီဃာဝု၊ သင့်အနေနဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ မမြဲခြင်းသဘော၊ မမြဲသောတရား၌ ဆင်းရဲခြင်းသဘော၊ ဆင်းရဲသောတရား၌ အတ္တမဟုတ်သော သဘောတို့ကို အဖန်ဖန် ရှုရဲ့လား၊ ပယ်အံ့ဟူသော အမှတ်သညာ၊ စွဲမက်မှု ကင်းစေအံ့ဟူသော အမှတ်သညာ ရှိရဲ့လား”လို့ မေးတဲ့အခါ ဒါတွေလည်း ရှိပါတယ်ဘုရားလို့ ပြန်လျှောက်တယ်။

အဲဒီလို တရားတွေ သင့်မှာ ရှိနေရင် ဘာအတွက် သေခါနီးမှာ စိုးရိမ်ပူပန်နေပါသလဲလို့ မေးတော့၊
တပည့်တော် ကွယ်လွန်ရင် တပည့်တော်ရဲ့ ဖခင် စိတ်ပူပန်မှာကို စိုးရိမ်လို့ပါဘုရားလို့ လျှောက်တယ်။

အနီးအနားမှာ ရှိတဲ့ ဖခင်ဖြစ်သူ ဇောတိပါလသူကြွယ်က သူ့အတွက် စိုးရိမ်ဖို့ မလိုကြောင်း၊ ဘုရားဟောကြားတဲ့ တရားကိုသာ နှလုံးသွင်းနေသင့်ကြောင်း သူ့သားကို နှစ်သိမ့် အားပေးပါတယ်။

ဘုရားရှင် ပြန်ကြွလို့ မကြာခင်မှာဘဲ ဒီဃာဝုဥပါသကာဟာ အေးအေးချမ်းချမ်းနဲ့ ကွယ်လွန် အနိစ္စရောက်ပြီး ဗြဟ္မပြည်မှာ အနာဂါမ်အဖြစ်နဲ့ ပြန်လည် မွေးဖွားပါတယ်။ အဲဒီမှာပဲ တရားဆက်လက် ကျင့်သုံးပြီး နိဗ္ဗာန်မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။

ဒီသုတ္တန်ဒေသနာကတော့ သောတာပတ္တိသံယုတ်၊ ဒီဃာဝုသုတ် ဖြစ်ပါတယ်။

ဒီဥပမာကို ယူပြီးတော့ သေခါနီး ဖြစ်နေတဲ့ ရောဂါဝေဒနာရှင်တွေ စိတ်အေးချမ်းသာအောင် တရားစကားပြောခြင်း၊ သူတို့ ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကို ပြောပြပေးခြင်း၊ ကျန်ရစ်မယ့်သူတွေအတွက် စိုးရိမ်စရာ မလိုကြောင်း ပြောပြပေးခြင်း ပြုလုပ်ပြီး နှစ်သိမ့်ပေးရပါမယ်။
အဲဒီလို နှစ်သိမ့်လို့ အေးအေးချမ်းချမ်းနဲ့ ကွယ်လွန်သွားတယ်ဆိုရင် အသေဖြောင့်ပြီး ကောင်းရာမွန်ရာကို ရောက်မှာပါပဲ။

သာဓု ... သာဓု ... သာဓုပါ ဘုရား။

(ရေဒီယိုဖရီးအေးရှားမှ ဦးမောင်မောင်မြင့်၏ အမေးကို ဖြေကြားသည်။)
(၂၀၀၃ ခုနှစ် ဇူလိုင်လ ၆ ရက်ထုတ်၊ The Universal Peace Buddha Temple Newsletter မှ) 


 

Friday, November 19, 2010

သူမနဲ့ကင်ဆာရောဂါ

ခုတလောအသိတွေထဲမှာကင်ဆာရောဂါဖြစ်ကြတဲ့လူတွေအကြောင်းကြားနေရတယ်။
ဘလော့ဂါကိုကြီးကျောက်ရောပေါ့။ကင်ဆာမှမဟုတ်ပါဘူး၊ရောဂါဖြစ်လာရင်ကာယကံ
ရှင်ရောမိသားစုအသိုင်းအဝိုင်းရောစိတ်ဆင်းရဲစိတ်မကောင်းဖြစ်ကြရတာပဲ။မချစ်ကြည်
အေးပြောသလိုဆွေမျိုးအရင်းကြီး ဖြစ်နေရင်ဖြင့် ပိုတောင် စိတ်မကောင်း ဖြစ်ကြရပြီ။
ဝမ်းနည်းကြရပြီ။ ကင်ဆာဆိုတဲ့အသံကြားရင်ကိုသေမိန့်ချခံရတဲ့လူလိုစိတ်လျော့စိတ်
ဓါတ်ကျကုန်ကြတာ။အိုနာသေဆိုတာကိုဘယ်သူမှမလွန်ဆန်နိုင်ကြပေမဲ့၊အားလုံးကိုတော့
ကိုယ်ကျန်းမာစိတ်ချမ်းသာစေချင်တာပါဘဲ။
ဒီနေ့ mmdailynews မှာကင်ဆာရောဂါ ခံစားနေရသည့် ရဲရင့်သော မိခင်တစ်ဦး၏အကြောင်း ကိုဖတ်လိုက်ရတယ်။ကာယကံရှင်ရောကျန်တဲ့မိသားစုအတွက်ပါစိတ်မကောင်းဖြစ်မိတယ်။ အဲ့ဒါနဲ့ပဲကျမသိတဲ့ကင်ဆာရောဂါ ခံစားနေရသည့်သူမအကြောင်းကိုရေးချင်လာတယ်။ သူမအမျိုးသားကဆရာဝန်တယောက်ပါ။သူမမှာသား၂ယောက်နဲ့သမီးလေး၁ယောက်ရှိတယ်။
သူမဟာရင်သားကင်ဆာကိုခံစားခဲ့ရတယ်။ဆရာဝန်နဲ့မှန်မှန်ပြဆေးသောက်၊စစ်ဆေးမှုတွေကို
ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာခဲ့တယ်။တနေ့ဆရာဝန်ကသူမကိုစမ်းသပ်စစ်ဆေးပြီး၊
သောက်နေတဲ့ဆေးကိုရပ်လို့ရပြီလို့ပြောတာနဲ့ဆေးကိုရပ်လိုက်တယ်။ဆေးမသောက်ရတော့ဘူး
ဆိုတော့သူမလည်းပျော်သွားတာပေါ့။ ရောဂါဖြစ်လို့သာဆေးသောက်နေရတာသူမကဆေး
ကြောက်တယ်။
အဲဒီလိုနဲ့နေရင်း၃လလောက်နေတော့သူမချောင်းဆိုးလာတယ်။သူ့အမျိုးသားက
ပဋိဇီဝဆေး တွေပေးပေမဲ့မသက်သာခဲ့ဘူး။မိတ်ဆွေဆရာဝန်တွေနဲ့တိုင်ပင်ပြီး
ဓါတ်မှန်ရိုက်ကြည့်တော့ အဆုပ်မှာကင်ဆာဆဲတွေရှိနေတာသိလိုက်ရတယ်။
သူမလည်းအရမ်းကိုတုန်လှုပ်သွားခဲ့တယ်။
သူမအမျိုးသားက လည်းဆေးရုံမှာလုပ်နေတာဆိုတော့ချက်ချင်း သက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြီး၊ကီမို၆ကြိမ်သွင်းရတယ်။
ပြင်းထန်ဆိုးရွားတဲ့ကီမိုရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ဒဏ်ကိုခံရတယ်။
ကင်ဆာရောဂါဝေဒနာသည်တွေဟာသနားဖို့သိပ်ကောင်းတယ်။
သူတို့ရောဂါရဲ့ဒဏ်အပြင်၊ဆေးရဲ့ဒဏ်ကိုပါခံစားကြရတယ်။သူမဆံပင်တွေအကုန်ကျွတ်ကုန်
တယ်။
ပါးစပ်တွေပျက်ပြီးဘာစားစားအရသာမရှိ၊စားချင်စိတ်မရှိဖြစ်တယ်။အလိုလိုနေရင်းမူးနေမောနေ
တယ်။
ဆေးဒဏ်တွေကိုကြောက်နေပေမဲ့၊သူမပြောတာကသူမမိသားစုအတွက်၊သူမကလေးတွေအတွက်၊
အထူးသဖြင့်သူမရဲ့သမီးလေးအတွက်သူမအသက်ရှင်ချင်တယ်။
၆ကြိမ်သွင်းပြီးဆရာဝန်ကပြန်စစ်ဆေးတော့
သူမရဲ့အဆုပ်မှာရှိတဲ့ကင်ဆာဆဲတွေဆက်ပွါးတာမတွေ့ရဘူးဆိုပြီး၊
ဒုတိယကီမို၆ကြိမ်ထပ်ပေးတယ်။     သူမအားတင်းပြီးခံယူတယ်။နိုင်ငံရပ်ခြားမှာဆိုတော့ ဆွေမျိုးတွေနဲ့ဝေးနေ၊ကလေးတွေကလည်းဘာမှမလုပ်တတ်အမျိုးသားကလည်းအလုပ်သွားရနဲ့ သူမနေမကောင်းမလှုပ်နိုင်နေပေမဲ့၊နဲနဲနေသာတာနဲ့မီးဖိုထဲမှာသူမမိသားစုစားဖို့၊သူမအမျိုးသား
ထမင်းဗူးထည့်ဖို့ချက်ပြုတ်နေတာ။လူနာလာမေးတဲ့မိတ်ဆွေတွေကိုတောင်သူမကိုယ်
တိုင်ချက်ထားတဲ့မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊ကြာဆံဟင်းခါးတခုမဟုတ်တခုနဲ့ဧည့်ခံလိုက်သေးတယ်။
အဓိက ကတော့သူမစိတ်ဓါတ်ကျမနေဘူး၊ညည်းညူမနေဘူး။မိတ်ဆွေတွေကသူမကိုချက်ပြုပ်
ပေးဖို့ထက်၊သူမနေသာရင်လုပ်ထားတတ်တဲ့သံပုရာသီးသနပ်၊သရက်သီးသနပ်၊မုန်ညင်းချဉ်
တခုမဟုတ်တခုသူမကလက်ဆောင်ပြန်ပေးတတ်သေးရဲ့။သိပ်နာကျဉ်ခံစားနေရရင်သာ
မျက်နှာလေးညိုအသံမထွက်တော့ပေမဲ့၊နဲနဲသက်သာတာနဲ့ထပြီးတလှုပ်လှုပ်လုပ်နေတာပဲ။
သူမကအွန်လိုင်းကနေဝိပဿနာတရားတော်တွေကိုလည်းနာယူတယ်။တရားစာအုပ်တွေလည်း
ဖတ်တယ်။
သူမရဲ့စိတ်ကိုအေးချမ်းအောင်ဝိပဿနာ တရားကိုတတ်နိုင်သရွေ့ပွါးများနေတတ်တယ်။
ဒုတိယကီမို၆ကြိမ်သွင်းပြီးဆေးပြန်စစ်တော့၊သူမရဲ့ရောဂါဟာသက်သာမလာတဲ့အပြင်
အသည်းနဲ့အရိုးကိုပါပျံ့နေတာတွေ့လိုက်ရတယ်။ဆရာဝန်ကသူမကိုမေးတယ်။ကီမိုနောက်
တမျိုးပြောင်းပြီးထပ်ပေးချင်တယ်။လက်ခံမလားပေါ့။ဒီလိုဆုံးဖြတ်တာလည်းသူ့အတွက်
ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ဆရာဝန်ကသူမကိုပြောတယ်။သူမကတတိယကီမို၆ကြိမ်
ထပ်သွင်းဖို့လက်ခံလိုက်တယ်။သူမရဲ့ဆန္ဒကမြန်မာပြည်ပြန်ပြီး ရိပ်သာတခုခုမှာတရားအားထုတ်
ချင်တယ်။ဆေးကုသမှုကလည်းမပြီးသေးဖြစ်နေတော့၊အွန်လိုင်းကနေပဲဆရာတော်တွေရဲ့တရား
တွေနာယူ၊တရားစာအုပ်တွေဖတ်နဲ့ဝိပဿနာဘာဝနာကိုအားထုတ်ပွါးများတယ်။ပရိတ်တော်၊
ပဋ္ဌာန်းတော်တွေလည်းမြတ်စွာဘုရားကိုပူဇော်တယ်။မိတ်ဆွေတွေမိသားစုတွေလည်းသူမအတွက်
စိတ်မကောင်းကြဘူး။
ဒီကီမိုရဲ့ဘေးထွက်ဆိုးကျိုးကလည်းပိုဆိုးတယ်။ဆေးသွင်းပြီးရင်သူမတကိုယ်လုံး
နာကျဉ်ကိုက်ခဲနေတယ်။ပါးစပ်တခုလုံးလည်းထုံးပေါက်ထားသလိုဖြစ်ပြီးဘာစားစားအရသာမရှိဘူး
ပြောတယ်။သို့ပေမဲ့သူမကြိုးစားပြီးဝင်အောင်စားတယ်။အဓိက ကသူမစိတ်ဓါတ်ကျမနေဘူး။
ကင်ဆာရောဂါကိုကြိုးစားပြီခုခံနေတယ်။ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်းလိုက်နာပြီးကုသမှု့ကိုခံယူတယ်။
ပြီးတော့ဝိပဿနာတရားကို သူမအထူးကြိုးစားအားထုတ်တယ်။မထိုင်နိုင်ရင် အိပ်ရာထက်မှာလှဲပြီးတရားတော်တွေနာယူတယ်၊တရားစာအုပ်တွေဖတ်တယ်၊တရားအမှတ်နဲ့နေတယ်။
ဘယ်လောက်ပဲနာကျင်ကိုက်ခဲနေပါစေ၊သူမအကိုက်အခဲပျောက်ဆေးတွေမစားပဲ တရားအမှတ်နဲ့
သာနေတာတွေ့ရတယ်။သူမလက်ဖဝါးခြေဖဝါးတွေမှာသွေးခြေတွေဥပြီးရောင်နေတယ်၊မတ်တတ်မရပ်နိုင်ဘူး၊
ထမင်းစားဖို့ဇွန်းတောင်မကိုင်နိုင်ဘူး၊လျှာတွေရောသွားတွေရောနာနေလို့စကားကိုအသံထွက် အောင်တောင်မပြောနိုင်ဘူး၊အဲဒီလိုအခြေအနေမှာတောင်သူမအကိုက်အခဲပျောက်ဆေးမသောက်ပဲ တရားအမှတ်နဲ့ပဲနေပါတယ်။
တနှစ်အတွင်းမှာသူမကီမိုအမျိုးအစားသုံးမျိုးကိုခြောက်ကြိမ်စီ၊ဆယ့်ရှစ်ကြိမ်သွင်းရပါတယ်။
ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း သူမတော်တော်ခံရတယ်။
ကင်ဆာရောဂါဆိုင်ရာအထူးကုဆရာဝန်ကြီးရဲ့ကုသပေးမှု့၊သူမရဲ့စိတ်ဓါတ်ခိုင်မာမှု့၊ဘုရားတရား
တော်တွေပွါးများအားထုတ်ရခြင်းရဲ့အကျိုးကျေးဇူးတွေကြောင့်သူမရဲ့အဆုပ်နဲ့အသည်းမှာ
ကင်ဆာနဲ့ပတ်သက်လို့ဘာမှမတွေ့ရတော့ဘူး။
သူမကိုကုသပေးနေတဲ့ဆရာဝန်တွေရောသူမရဲ့မိတ်ဆွေတွေရောအားလုံးအံ့ဩဝမ်းသာ
နေကြတယ်။
သူမကပြောတယ်သူမအခုလိုမယုံနိုင်စရာပြန်ကောင်းလာတာဟာဝိပဿနာတရားတော်ရဲ့
တန်ခိုးတော်ကြောင့်ဖြစ်တယ်။
လူတိုင်းဝိပဿနာတရားကိုပွါးများအားထုတ်သင့်ပါတယ်ဆိုပြီး သူမကမိတ်ဆွေတွေကိုတိုက်တွန်းနေပါတယ်။
ဒီစာလေးကိုဖတ်မိတဲ့မိတ်ဆွေတွေလည်းသူမရဲ့စိတ်ဓါတ် ဇွဲလေးကိုအတုယူပြီး
သူမတိုက်တွန်းသလိုဝိပဿနာတရားများအားထုတ်ပွါးများကြပြီးတရားထူးတရားမြတ်များ
ရရှိကြပါစေ။
သူမလည်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့သူမတန်ဖိုးထားတဲ့မိသားစုလေးနဲ့အသက်ရှည်စွာနေ
ထိုင်နိုင်ပါစေလို့ဆုတောင်းပေးကြပါနော်။