Thursday, July 4, 2013

ငွေစန္ဒာ (၂)နှစ်ပြည့် အထိမ်းအမှတ်

 ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားသည်မှာ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့တွင် (၂)နှစ်တင်းတင်းပြည့်မြောက်ပြီဖြစ်ပါတယ်။

 ငွေစန္ဒာကို အထူးဂုဏ်ပြုတဲ့အနေနဲ့ 'ငွေစန္ဒာကို ကျေးဇူးဆပ်ခြင်း' ဆိုတဲ့ ဆောင်းပါးကို တင်ပြလိုက်ပါတယ်။


ငွေစန္ဒာကို ကျေးဇူးဆပ်ခြင်း

လ္ဓန်ခဲ့တဲ့လအနည်းငယ်ထဲက ဒီဆောင်းပါးကိုတင်ပြလိုတဲ့ စိတ်ပြင်းပြခဲ့ပေမယ့်လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ပါ။ ဒီတစ်ခါတော့ ငွေစန္ဒာ(၂)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မဖြစ်မနေဖော်ပြလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ငွေစန္ဒာဘဝတစ်ပါးသို့ပြောင်းသွားတဲ့နေ့မှ တစ်နှစ်ခွဲအကြာ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့မှာ ဒုလ္လဘရဟန်းအဖြစ် ခံယူခွင့်ရရှိခဲ့ပါတယ်။

 ကျွန်တော်နဲ့မိသားစုဟာ ပစ္စန္တရာဇ်အရပ်မှာ နှစ်အတန်ကြာနေထိုင်ခဲ့ရပါတယ်။ အာဖရိကတောင်ပိုင်းက လီဆိုသိုလို့အမည်ရတဲ့ ဘုရင့်တောင်ပေါ်နိုင်ငံလေးမှာပါ။ ဘုန်းကြီးကျောင်းမရှိပါ။ ရဟန်းသံဃာမရှိပါ။

 သို့သော် ကျွန်တော်နေထိုင်ခဲ့ရာမြို့မှ ကီလိုမီတာ(၃၀၀)ခန့်ကွာဝေးတဲ့ တောင်အာဖရိကနိုင်ငံ၊ ပီတာမာရစ်(စ်)ဘာ့(ဂ်)၊ မြို့ရှိ မြန်မာဘုန်းကြီးကျောင်းသို့ ၃ ခေါက်ရောက်ပြီး ထိုစဉ်က သီတင်းသုံးခဲ့တဲ့ မြန်မာသံဃာတော်တစ်ပါးကို ဖူးခဲ့ရပါတယ်။

 အဆိုပါ အရပ်မှာ ကျွန်တော်နေထိုင်ခဲ့စဉ်က သီရိလင်္ကာမိတ်ဆွေများရဲ့ ကျေးဇူးပြုမှုကြောင့် အာဖရိကအလယ်ပိုင်း၊ တန်ဇန်နီးယားနိုင်ငံမှာသီတင်းသုံးတဲ့ သီရိလင်္ကာသံဃာတစ်ပါးကို ရတောင့်ရခဲ အခွင့်အရေးတစ်ခုအနေနဲ့ နေအိမ်သို့ပင့်ဆောင်ခွင့်ရခဲ့ပါတယ်။ မြန်မာမိသားစု တချို့နဲ့အတူ မိမိနေအိမ်မှာ တရားနာခွင့်၊ တရားမှတ်ခွင့်ရရှိခဲ့ပါတယ်။ တဖန် မြန်မာမိသားစုနှစ်စုမှာ ဝမ်းနည်းကြေကွဲဘွယ်ရာ နာရေးကိစ္စပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ သီရိလင်္ကာသံဃာတော်ကို ပင့်ဆောင်ခဲ့ရလို့ ဒုတိယအကြိမ် ဖူးမျှော်နိုင်ခဲ့ရပါတယ်။

 ကျွန်တော်မရောက်ခင်က မြန်မာသံဃာတော်ဆို၍ ချမ်းမြေ့ဆရာတော်တစ်ပါးသာ ကြွလာခဲ့ဘူးတယ်လို့ မှတ်သားရပါတယ်။ ထိုမှတစ်ပါး မည်သည့်မြန်မာရဟန်းမှ ထိုအရပ်သို့ ထိုစဉ်ကကြွမလာခဲ့ဘူးပါ။

 သို့သော်လည်း မြန်မာမိသားစု အများဆုံးနေတဲ့ မြို့တော်မာဆေးရူးရှိ နေအိမ်တချို့မှာ အခါအားလျှော်စွာ စုပေါင်းဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်နိုင်ခဲ့ပါတယ်။

 မိမိအနေနဲ့အာဖရိကမှာ နေစဉ်ထဲက ဒုလ္လဘရဟန်း ခံလိုစိတ်ပြင်းပြခဲ့ပါတယ်။ အကြောင်းအားလျှော်စွာ ကာရစ်ဘီယံပင်လယ်ဒေသရှိ ကျွန်းနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့ဘို့ အကြောင်းဖန်လာပါတယ်။ ဒီနိုင်ငံမှာ ဘုန်းကြီးကျောင်း (၁)ကျောင်းရှိပြီး မြန်မာသံဃာ(၁)ပါး သီတင်းသုံးနေတာသိရတော့ သံဃာရတနာရှိရာအရပ်ကို ပြောင်းရွှေ့ရမှာပါလားဆိုပြီး မိမိနဲ့ဇနီးတို့ ပီတိသောမနဿ ဖြစ်ခဲ့ကြရပါတယ်။

ဒါပေမဲ့ အာဖရိကမှာရော၊ ဒီကျွန်းမှာပါ ရဟန်းခံဘို့ အကြောင်းမညီညွတ်ခဲ့ပါ။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ထဲမှာတော့ သားများနှင့် သမီးငယ်တို့ ကျောင်းတက်နေရာ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ သို့ ပထမအကြိမ် သွားရောက်လည်ပတ်ရန် စီစဉ်နိုင်ခဲ့ပါတယ်။

အမေရိကန်တွင် ခေတ္တနေထိုင်စဉ် တရားစခန်းပွဲနှင့် ကြုံကြိုက်လျှင်ကောင်းလေစွလို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ ခရီးမထွက်မီ နှစ်ရက်အလို Burmese Classic Website မှာ နှစ်သစ်ကူး တရားစခန်းပွဲ ကျင်းပမယ့်အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဖရီးမောင့်မြို့ မှာပါ။ ကျွန်တော့အနေနဲ့ ဖရီးမောင့်ဆိုတာ ဘယ်နားရှိမှန်း မသိခဲ့ပါ။ ဒါနဲ့ဆန်ဖရန်က သားကြီးကို လှမ်းမေးရပါတော့တယ်။ သားကြီးက 'သားတို့အိမ်နားက မြေအောက်ရထားစီးသွားရင် နာရီဝက်အကြာမှာ အဲ့ဒီမြို့ကိုရောက်တယ်' ဆိုတဲ့အဖြေကို ဝမ်းသာစွာ ရခဲ့ပါတယ်။

ဆန်ဖရန်ရောက်ပြီးတဲ့အခါ တရားစခန်းပြုလုပ်မယ့် ဖရီးမောင့်မြို့၊ မေတ္တာနန္ဒကျောင်းကို ဖုန်းဆက်လိုက်ပါတယ်။ ဆရာတော်ကိုယ်တိုင် ဖုန်းကိုင်တာကြုံပြီး မိမိနဲ့ သမီးလေးတို့ (၂)ဦး နှစ်သစ်ကူး တရားစခန်းပွဲဝင်ဘို့ လျှောက်ထားတောင်းပန်တော့ ဆရာတော်က ဝမ်းသာစွာ လက်ခံခဲ့ပါတယ်။

ဒါနဲ့ ဆရာတော် အမိန့်ရှိတဲ့အတိုင်း တစ်ရက်ကြိုပြီး ဒီဇင်ဘာလ (၂၄)ရက်ညမှာ ဆန်ဖရန်နေတဲ့ မြန်မာမိတ်ဆွေ တစ်ဦးနဲ့အတူ သားအဖနှစ်ယောက် မေတ္တာနန္ဒကျောင်းသို့သွားပြီး တရားစခန်းဝင်ဖြစ်ကြပါတယ်။

ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်မှာ နှစ်သစ်ကူး တရားစခန်းဖွင့်ပွဲ အခမ်းအနားကျင်းပပါတယ်။

 နေ့စဉ် ရှစ်ပါးသီလ ခံယူအပြီး ဆရာတော်ရဲ့ အချိန်ဇယားအတိုင်း ထိုင်၍၎င်း၊ စင်္ကြန်လျှောက်၍၎င်း တရားမှတ်ရပါတယ်။ ညနေပိုင်းမှာ ဆရာတော်နဲ့ အခြားသံဃာတော်တို့က ယောဂီအားလုံးကို အလှည့်ကျ တရားချီးမြှင့် ပေးပါတယ်။

ဆရာတော်က ယောဂီအသစ်တွေကို နံနက်ပိုင်းမှာ ဘုရားခန်းသို့ခေါ်၍ သိသင့်သိထိုက်တာတွေကို ဟောပြောပါတယ်။ မိမိနဲ့သမီးတို့ ဓမ္မကြောင်းအရရော လောကကြောင်းအရပါ အဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတ များစွာရပါတယ်။

ဆရာတော်က မဟာသတိပဋ္ဌာန်သုတ်တော်အတိုင်း ဝင်လေထွက်လေ အာနာပါန ရှုနည်းကို နည်း(၅)မျိုးခန့် တစ်ဆင့်ချင်းရှင်းပြပေးပြီး မှတ်ခိုင်းပါတယ်။ လိုအပ်တဲ့ စာရွက်၊ စာတမ်းတွေကိုလဲ ဖတ်ရှုဘို့ ဝေပေးပါတယ်။

မိမိလည်း ဆရာတော်ညွှန်ပြတဲ့အတိုင်း လိုက်နာပြီးအားထုတ်ပါတယ်။ ဆရာတော်က သမာဓိတည်ဘို့ သမထ ဘာဝနာကိုသာ အားထုတ်ခိုင်းတာပါ။ ကျွန်တော်လည်း သမထ ဘာဝနာသက်သက်ကို တစိုက်မတ်မတ်အားထုတ်ဖူးတာ ဒါပထမဆုံးအကြိမ်ပါ။ သမာဓိတည်အောင် ဝင်လေ၊ ထွက်လေကို တစ်နည်းပြီးတစ်နည်း ရှုမှတ်ပုံကိုလည်း တန်ဘိုးရှိစွာ သိရ၊ မှတ်ရ၊ ပွားများရပါတယ်။

တစ်ရက်ထက် တစ်ရက်ပိုပြီး သမာဓိထူထောင် နိုင်ပါတော့တယ်။

အထူးအားဖြင့် ဒီဇင်ဘာလ(၃၁)ရက်ည (၁၀)နာရီအချိန်ကစ၍ ဆရာတော်နဲ့ ယောဂီများအားလုံး (၅၂၈)သွယ် မေတ္တာပွားပြီး ၂၀၁၃ ခုနှစ်ကို ထူးခြားစွာ ကြိုဆိုခဲ့ကြပါတယ်။

 နှစ်သစ်ကူးရက် နေ့လည်မှာ (၇)ရက် တရားစခန်းပွဲကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါတယ်။

ကျွန်တော့်ရဲ့ သမထ ဆရာဘုန်းကြီးအဖြစ် ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ ဆရာတော်ကို ဦးခိုက်ပူဇော်ရင်း အထူးကျေးဇူး တင်ရပါတယ်။

(၃)ရက်အကြာ၊ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်မှာ ဆန်ဖရန်စစ္စကို ဗေးဧရိယာ ဒေးလီးစီးတီးနေ သူငယ်ချင်းနဲ့အစ်မတို့ အကူအညီနဲ့ ဟတ်(ဖ်)မွန်းဘေးမြို့၊ ဓမ္မာနန္ဒကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို ဥပစ္ဇျယ်ပြု၍ ဒုလ္လဘရဟန်း ခံနိုင်ခဲ့ပါတယ်။ ဒုတိယဆရာတော်က ရဟန်းလောင်းကို ဆုံးမပါတယ်။ ဆရာတော်(၂)ပါးနဲ့အတူ သံဃာသုံးပါး၊ သူငယ်ချင်းမောင်နှမ၊ သားများနဲ့ သမီးလေးတို့ကိုလည်း အထူးကျေးဇူး တင်ရပါတယ်။

 နောက်တစ်ရက် ဇန်နဝါရီလ (၅)ရက်မှစ၍ ဓမ္မာနန္ဒကျောင်းမှာ ကျင်းပတဲ့ (၅)ရက်တရားစခန်းပွဲကို ဒုတိယအကြိမ် ဝင်ဖြစ်ပါတယ်။ ကမ္မဋ္ဌာနစရိယ ဆရာတော်က မြန်မာပြည်မှခေတ္တကြွလာတဲ့ ဟင်္သာတဆရာတော် ဖြစ်ပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဥပနိဿယ လမ်းစဉ်အတိုင်း တရားပြမယ်ဆိုတာသိရလို့ အားရဝမ်းသာဖြစ်ရပါတယ်။ မြန်မာပြည်မှာနေစဉ် တရားစခန်း(၂)ကြိမ် ဝင်ခဲ့ဘူးပေမယ့် မိုးကုတ်ဝိပသနာစခန်းကို ဆန္ဒရှိခဲ့တဲ့အတိုင်း ယခုမှဝင် ဖြစ်တာပါ။

ငယ်စဉ်အခါထဲက အဖိုးက အဖွားကို မိုးကုတ်တရားစာအုပ် ညစဉ်လိုလို ဖတ်ပြတာကို ကြားသိရထဲက မိုးကုတ်တရားတော်နဲ့ ရင်းနှီးခဲ့ပါတယ်။ အဖွားနဲ့ တရားပွဲများသို့ လိုက်နာခဲ့စဉ် နာကြားခဲ့ရတဲ့ မိုးကုတ်တရားတော်တွေကြောင့် နားရည်ဝ ခဲ့ရပါတယ်။ ကျောင်းပြီးတဲ့အခါမှာလည်း တရားပွဲတွေမှာ နာခဲ့ရတဲ့ မိုးကုတ်တရားတော်တွေကြောင့် စာတွေ့အားဖြင့် အတော်အတန် သိတယ်လို့ ထင်ခဲ့ပေမယ့် တစ်ခါမှ မိုးကုတ်ရိပ်သာတွေမှာ စခန်းဝင်တရားအားထုတ်မှု မပြုခဲ့ဖူးပါ။

 ငွေစန္ဒာ မကျန်းမာစဉ်က မိုးကုတ်တရားတော်များ နာကြားပြီး တရားမှတ်စဉ် ဖန်တရာထေအောင် ကြားခဲ့ရပေမယ့် ငါအကုန်သိပြီးသားတွေဆိုပြီး အာရုံမစိုက်ခဲ့ဘဲ ကျွဲပါးစောင်းတီးပမာ နေခဲ့ပါတယ်။

ဒုတိယတရားစခန်းပွဲ ဝင်တော့လဲ ဆရာတော်ရဲ့ အချိန်ဇယားအတိုင်း ဆရာတော်ရဲ့ ညွှန်ကြားချက်ကို အတိအကျလိုက်နာပြီး တရားအားထုတ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒုလ္လဘရဟန်းအဖြစ် သံဃာစင်ပေါ် ဆရာတော့်တရားဟော ပလ္လင်အနီးမှာ တရားထိုင်ခွင့် ရရှိခဲ့ပါတယ်။

ဆရာတော်က ပထမ(၃)ရက်မှာ ထွက်လေ၊ ဝင်လေကို သာမှတ်ခိုင်းပြီး သမထ ဘာဝနာကို ရှူမှတ်စေပါတယ်။ ကျွန်တော့်အနေနဲ့ ပထမ(၇)ရက် တရားစခန်းမှာ အတော်အတန် သမာဓိ ထူထောင်နိုင်ခဲ့ပြီးဖြစ်သလို ဒီတစ်ခါမှာလဲ သမာဓိရအောင် ရှုမှတ်ရတာ လွန်စွာအဆင်ပြေလှပါတယ်။

(၄)ရက်မြောက်နေ့မှာ သမထဘာဝနာမှ ဝိပသနာဘာဝနာသို့ ပြောင်းပြီးရှုမှတ် စေပါတယ်။ ဆရာတော်က အရင်ရက်တွေကလို တရားထိုင်ချိန် (၁)နာရီမသက်မှတ်တော့ပါဘူး။ သက်မှတ်ချိန် (၁)နာရီပြည့်ရင် တရားဖြုတ်ချင်တဲ့ ယောဂီကလည်း ဖြုတ်နိုင်ပါတယ်။ တရားမှတ်လို့ကောင်းတဲ့ ယောဂီကိုလဲ ဆက်ပြီးတော့ မှတ်စေပါတယ်။

ကျွန်တော့်အနေနဲ့ ဘုရားသားတော်လဲဖြစ်နေပြီ၊ မြတ်စွာဘုရား ပလ္လင်တော်ရှေ့၊ ဆရာတော်ရဲ့အနီးမှာ တရားအားထုတ်ခွင့်ရတဲ့ အခွင့်အရေးကို ထိထိမိမိ အသုံးချနိုင်ခဲ့ပါတယ်။ အဓိကအချက်အနေနဲ့ ဆရာတော်တရား မဖြုတ်မခိုင်းမချင်း တရားမဖြုတ်ဘူးလို့ ခိုင်မာတဲ့ အဓိဋ္ဌာန် ချခဲ့ပါတယ်။ ဆရာတော် အမိန့်ရှိသလို ဝီရိယကို မလျှော့ဘဲ ကျားကုတ်၊ ကျားခဲ အားထုတ်ခဲ့ပါတယ်။ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ဝီရိယနဲ့ ပညာဆိုတဲ့ ဗိုလ်(၅)ပါးကို အညီအညွတ်ဖြစ်စေလျှက် ရှုမှတ်နိုင်ခဲ့ပါတယ်။

ဆရာတော်ကလဲ ညနေ(၄)နာရီ တရားထိုင်ချိန်မှာ သတ်မှတ်ချိန်(၁)နာရီစေ့ပေမယ့် ဆန္ဒရှိတဲ့ယောဂီတွေကို ဆက်လက်အားထုတ်စေပါတယ်။ အလုပ်ပေးတရားကိုလဲ ဆက်လက်ချီးမြှင့်ပြီး ယောဂီတွေရဲ့ ကြိုးစားအားထုတ်မှုကို တွန်းအားပေးခဲ့ပါတယ်။

ဆရာတော်ညွှန်ကြားတဲ့အတိုင်း နေရာမရွှေ့ဘဲ (၁၅၀၀) ကိလေသာရန်သူတွေကို ဗိုလ်(၅)ပါး လက်နက်နဲ့ တိုက်ခိုက်ချေမှုန်းနိုင်အောင် အပြင်းအထန်ကြိုးစားခဲ့ရပါတယ်။ အဆိုးဆုံးကတော့ နာကျင်၊ ညောင်းညာတဲ့ ဝေဒနာပါဘဲ။ ဒီဝေဒနာကို ကျော်နိုင်အောင် ချွေးသီး၊ ချွေးပေါက် ကျခမန်း ရုန်းကန်ခဲ့ရပါတယ်။ ဒီဝေဒနာကို လက်မြှောက်၊ အရှုံးပေးပြီး ဓမ္မာရုံထဲကနေ ထွက်ပြေးချင်စိတ် ပေါ်မိပါတယ်။ ဒါပေမဲ့ ဆရာတော်ရဲ့အားပေးတိုက်တွန်းမှုကြောင့် တစ်ကိုယ်လုံး တုန်လှုပ်နေပေမယ့် ဆက်လက်အားထုတ်ရာ 'ရေမြင့်တော့ ကြာမြင့်တယ်' ဆိုတဲ့ ဆရာတော်ရဲ့ ဩဝါဒစကားအတိုင်း ဝေဒနာကို ကျော်နိုင်ခဲ့ပါတယ်။ တစ်နာရီခွဲခန့်အကြာမှာ ဆရာတော်ပလ္လင်ပေါ်က ဆင်းသွားပြီဆိုတာသိပေမယ့် ဆရာတော်ရဲ့ တိုက်တွန်းမှုကြောင့် ဆက်လက်ထိုင်ဖြစ်ပါတယ်။

အတိတ်ကာလက နာကြားခဲ့တဲ့ တရားတွေကလည်း ဉာတပရိညာအဖြစ် တရားထိုင်စဉ်မှာ ရှေ့ဘယ်လိုစခန်းသွားရမယ်ဆိုတာကို လမ်းပြပေးနိုင်ခဲ့ပါတယ်။ နာကြားခဲ့တဲ့ ဉာဏ်စဉ်တရားတွေကို နှလုံးသွင်းရင်း ဆက်လက်၍ ပြင်းထန်စွာ အားထုတ်နိုင်ခဲ့ပါတယ်။ အဆုံးမှာတော့ သုံးကြိမ်တိုင်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျပြီး အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ပီတိဖြာခဲ့ရပါတယ်။

တရားဖြုတ်ချိန် ယောဂီတချို့ ရှိနေတာသိပေမယ့် ကျွန်တော့်ရှေ့မှာ ဘုရားပလ္လင်သာ ရှိနေတဲ့အားသာချက်ကြောင့် မျက်ရည်ကျခဲ့တာ တခြားယောဂီများ သိရှိခဲ့မယ် မဟုတ်ပါ။

တစ်ရက်တာ တရားထိုင်ချိန်၊ တရားနာချိန် ကုန်ဆုံးပြီး ညချမ်းအချိန်မှာ ဆရာတော်ကို ဒီအကြောင်းလျှောက်ထားတော့ ဆရာတော်ကလဲ အားရရွှင်လန်းစွာနဲ့ ဝမ်းမြောက်ကြောင်း မိန့်ကြားပါတယ်။ ဆရာတော်ကိုလည်း ဝိပသနာဆရာဘုန်းကြီးအဖြစ် ဦးခိုက်ရင်း အထူးတလည် ကျေးဇူးတင်ကြောင်း လျှောက်ထားခဲ့ပါတယ်။

'အရင်းစစ်တော့ အမြစ်မြေက' ဆိုတဲ့အတိုင်း ငွေစန္ဒာကိုယ်တိုင် အားထုတ်ကျင့်ကြံခဲ့တဲ့ အတွေ့အကြုံပေါ်မှုတည်ပြီး ကျွန်တော့်ကို ဘယ်လိုဖြစ်ရင်ဘယ်လို ရှုမှတ်သင့်တယ် ဆိုတာကို သင်ပေးခဲ့ပါတယ်။ ငွေစန္ဒာသည် သူ့ရဲ့ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီးလက်တွေ့အားဖြင့်လည်း မျက်ဝါးထင်ထင် ကျွန်တော့်ကို တရားပြသွားခဲ့ပါတယ်။

ဒါ့ကြောင့် လွန်ခဲ့တဲ့(၂)နှစ်တင်းတင်းက ဘဝတစ်ပါးသို့ပြောင်းသွားလေပြီးတဲ့ ငွေစန္ဒာကိုတရားဖြင့် ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။ ငွေစန္ဒာ(၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု ချီးကျူးရင်း ကျွန်တော့်အတွေ့အကြုံကို မျှဝေလိုက်ပါတယ်။ ချစ်ရပါသော ဘလော့ဂါမောင်နှမများကိုလဲ ဆရာသမားကောင်းကို အမှီသဟဲပြုပြီး လောကီ၊ လောကုတ် နှစ်ဖြာအကျိုးများစေတဲ့ ဝိပသနာတရား ကျင့်ကြံအားထုတ်ကြပါလို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။        ။



ငွေစန္ဒာ မိသားစု



ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊ ဆရာတော်၊ ယောဂီများနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူများ (၀၁.၀၁.၂၀၁၃)


ဟတ်(ဖ်)မွန်းဘေးမြို့၊ ဓမ္မာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊  ခဏ္ဍသိမ်တော်တွင်  ရဟန်းခံပွဲ ကျင်းပစဉ် (၀၄.၀၁.၂၀၁၃)


ဟတ်(ဖ်)မွန်းဘေးမြို့၊ ဓမ္မာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊ ကျောင်းထိုင်ဆရာတော်၊ ဒုတိယဆရာတော်၊ ဟင်္သာတဆရာတော်၊ သံဃာတော်များ၊ ယောဂီများနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူများ (၀၉.၀၁.၂၀၁၃)



5 comments:

  1. ဝမ်းမြောက်စွာသာဓု၃ကြိမ်ခေါ်ပါတယ်၊

    ReplyDelete
  2. သာဓု သာဓု သာဓု
    ဆက်လက်ကျင့်ကြံအားထုတ်နိုင်တဲ့၊
    အခွင့်အရေးတွေ နဲ့ အမြဲကြုံတွေ့ နိုင်ပါစေလို့ ..
    ဆုတောင်းပေးပါတယ်..။

    ReplyDelete
  3. အမငွေစန္ဒာအတွက်ရော...ကိုယ်တိုင်တရားဖြင့်ကျင့်ကြံ ကျေးဇူးဆပ်သူပါ သာဓုသုံးကြိမ်ခေါ်ပါတယ်...။

    ReplyDelete
  4. သာဓု သာဓု သာဓုပါ

    ReplyDelete
  5. ဖတ်ရတာ သာဓုသုံးကြိမ် ခေါ်မိတယ် အစ်ကိုရာ။ ရတောင့်ရခဲ ပဗ္ဗဇိတ
    ဒုလ္လဘကို ရယူနိုင်ခဲ့တာရော၊ တရားအားထုတ်ခဲ့တာရော အားကျမိတယ်။ ဘုန်းကြီးကျောင်းမ၇ှိတဲံ အ၇ပ်မှာက မလွယ်။

    ReplyDelete