Friday, July 20, 2012

ငွေစန္ဒာအတွက် ရည်စူး၍ နှစ်လည် အလှူပွဲ ကျင်းပခြင်း








နှစ်လည် အထိမ်းအမှတ်အဖြစ် ၄.၇.၂၀၁၂ ရက်တွင် ဖော်ပြခဲ့သော 'ငွေစန္ဒာ (သို့မဟုတ်) စက္ကန့်တိုင်းကို စိန်စီသွားသူ' ဆောင်းပါးကို မေတ္တာဖြင့် တုန့်ပြန်ကြ သော ဘ လော့ဂါ မောင်နှမများကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောပါရ စေ။


၎.၇.၂၀၁၂ ရက်ဟာ ဗုဒ္ဓဟူးနေ့ဖြစ်လို့  နှစ်လည် အလှူပွဲ ကို တနင်္ဂငွေနေ့ဖြစ်တဲ့ ၈.၇၂၀၁၂ ရက်မှာပြုလုပ်ဖို့ ကြံစည်ခဲ့ပါတယ်။ 


သမီးငယ် ကျောင်းဆက်တက် ရန် အစ်ကိုများရှိရာ ပင် လယ် ရပ်ခြားသို့ထွက်ခွာအပြီး တာဝန်ထမ်းဆောင်နေတဲ့ နယ်မြို့သို့ ကျွန်တော် တစ်ယောက်ထဲပြောင်းရွှေ့နေထိုင် ခဲ့ပါတယ်။ အခုနေတဲ့အိမ်က သိပ်မကျယ်ပါ။ ဒီမြို့မှာနေတဲ့ မြန်မာ ဆိုလို့ ကျွန်တော် တစ်ဦးတည်းသာရှိတဲ့အတွက်  နှစ်လည် အလှူပွဲ ကိုအိမ်မှာ ပြုလုပ်ဖို့ အဆင် မ ပြေပါ။


ယမန်နှစ်က မိမိတို့နေထိုင် ခဲ့ရာ ဒုတိယမြို့တော်က နေ ၃နာရီခွဲခန့်အကြာ ကားမောင်းသွားရတဲ့ ကင်စတန်မြို့တော်သို့ မိသားစုနှင့်မိတ်ဆွေ တချို့သွားရောက်ပြီး ဓမ္မဒီပဝိဟာရ ကျောင်းတိုက်ဆရာတော်ကို လလည်ဆွမ်းကျွေး စဉ်အခါကလည်း ကင်စတန်မှာရှိတဲ့ မြန်မာမိသားစုများကို ကျောင်းသို့ မဖိတ်ကြားနိုင် ခဲ့ပါ။ ဘာလို့လဲဆိုတော့ နောက်တစ် ရက် နေအိမ်မှာ လလည်ဆွမ်းကပ်ဘုရားရှိခိုး၊ ရေစက်ချအမျှဝေပွဲ နဲ့ ငွေစန္ဒာရဲ့ အရိုးပြာကို ပင် လယ်ပြင် သို့ သွားရောက်ကြဲပက်မယ့် အခမ်းအနားကျင်းပဖို့ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။


ဒါကြောင့် နှစ်လည်ဆွမ်းကပ်ဘုရားရှိခိုး၊ ရေစက်ချအမျှဝေပွဲ အခမ်းအနားကို ကင်စတန်မြို့တော်ရှိ  ဓမ္မဒီပဝိဟာရ ကျောင်းတိုက်မှာ ကျင်းပရန် ကင်စတန်မြို့နေ မိတ်ဆွေများနဲ့ တိုင် ပင်ပြီး စီစဉ်ခဲ့ပါတယ်။


ဒီနိုင် ငံတစ်နံ၊ တစ်လျှားမှာရှိတဲ့ မြန်မာမိသားစုအားလုံးကို အီးမေး(လ်)နဲ့ရော၊ နံပါတ်သိတဲ့မိတ်ဆွေတွေကို ဖုန်းဆက်ပြီးတော့ရော မေတ္တာရှေ့ထား၍ ဖိတ်ကြားခဲ့ပါတယ်။


 နှစ်လည် အလှူပွဲ ကျင်းပရာ ဓမ္မဒီပဝိဟာရ ကျောင်းတိုက် ရဲ့ သိမ်တော်ကြီးသို့ မျှော်လင့်တာထက်ပိုပြီး ရပ်ဝေး၊ ရပ်နီးမှ မြန်မာမိသားစုအများအပြား တက်ရောက်ကြတဲ့အတွက် အထူးတလည် ဝမ်းမြောက် ဝမ်းသာ ဖြစ် ရပါတယ်။


 အလှူပွဲ နေ့နံနက်ပိုင်းမှာ သိမ်တော်ကြီးအတွင်း သီတင်းသုံးတဲ့ မြတ်စွာဘုရားထံတွင် နှစ်လည်ဆွမ်း၊ ခဲဘွယ် ဘောဇဉ် ချိုချဉ် ရသာတို့ကို ငွေစန္ဒာအား ရည်စူး၍ ကျွန်တော်က ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ မေတ္တာထား၍ ကြွရောက်လာကြတဲ့ မြန်မာမိသားစုများကို မြန်မာမုန့်ဟင်းခါး၊ သစ်သီးများ၊ အချိုရည်များ၊ ရွှေရင်အေး၊ ရွှေဖရုံသီးနနွင်းမကင်း၊ သီးစုံဖျော်ရည်တို့နဲ့ ဧည့်ခံခဲ့ပါတယ်။ 


 မွန်းလွဲချိန်မှာ ဘုရားရှိခိုး၊ ရေစက်ချအမျှဝေပွဲ အခမ်းအနားကိုကျင်းပခဲ့ပါတယ်။  အစီအစဉ်အရ ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်၍ အခမ်းအနားကိုဖွင့်လှစ်ပါတယ်။ ထို့နောက် မိတ်ဆွေဆရာဝန်ကြီးတစ်ဦးက  နှစ်လည် အလှူနဲ့ပတ်သက်တဲ့ အမှာစကား ချီးမြှင့်ပါတယ်။ ဆက်လက်၍ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဝေဂဂါထာများ ရွတ်ပွားပူဇော်ခြင်း၊ မြတ်စွာဘုရားကို သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီး ဖ ယောင်းတိုင်နှင့် အ မွှေးနံ့သာတိုင် တို့ဖြင့် လှူဒါန်း ဆက်ကပ် ပူဇော်ခြင်း၊  ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ခြင်း၊ သံဝေဂဉာဏ်ပွားများ၍ ကမ္မဋ္ဌာန်း ဘာဝနာရှုမှတ်ခြင်း၊ မေတ္တာပို့ ဆုတောင်းခြင်းး၊ ရေစက်ချအမျှဝေခြင်းစတဲ့ အလှူဒါန ကောင်းမှု ကုသိုလ်များကို ငွေစန္ဒာအား ရည်စူး၍ မိတ်ဆွေများနှင့် အတူတကွ ညီညာဖျဖျ အောင်အောင် မြင်မြင် ပြုလုပ်ခဲ့ကြပါတယ်။


 နှစ်လည် အလှူပွဲ အတွက် လိုလေ သေးမရှိအောင် စိတ်ရော၊ ကိုယ်ပါ စီစဉ်ဆောင်ရွက် ပေးခြင်း၊ လိုအပ်သည်များကို အားတက် သ ရောပါဝင် ကူညီခြင်း၊ အလှူပွဲသို့ တခဲနက် ကြွရောက်ကြပြီး ငွေစန္ဒာအား ရည်စူး၍ ငွေစန္ဒာမိသားစုနှင့် အတူ အလှူဒါနပြုခြင်း၊ သီလ ဆောက်တည်ခြင်း၊ ဘာဝနာပွားခြင်းစတဲ့ ကုသိုလ် ကောင်းမှုများပြုလုပ်၍ ငွေစန္ဒာနှင့်တကွ  ၃၁ ဘုံမှာနေထိုင်ကြတဲ့ သုခိတ၊ ဒုက္ခိတ ဝနေယျသတ္တဝါ အ ပေါင်းတို့အား အမျှပေးဝေကြခြင်းများအတွက် မြန်မာမိသားစုများကို အထူးတလည် ကျေးဇူးတင် ရပါတယ်။   



ငွေစန္ဒာ မိသားစု

6 comments:

  1. သာဓု..သာဓု..သာဓု..
    မိသားစုနဲ့ အတူတိုက်ဆိုင်မှုရှိတိုင်းသတိရလျှက်ရှိပါတယ်ရှင်။
    ကျမအုန်းထမင်းချက်တုန်းက မငွေစန္ဒာကိုသတိရမိခဲ့တယ်။ ဘာလို့ လဲဆိုတော့သူအုန်းထမင်းချက်တာတင်ပြီးပျောက်သွားတာလေ။ ဘလော့မှာပြန်ပေါ်လာတော့မှမမျှော်လင့်တဲ့သတင်းဖတ်လိုက်ရပြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
    မိသားစုအားလုံးလည်းအစစအရာရာအဆင်ပြေပါစေ။
    မငွေစန္ဒာတစ်ယောက်လည်းကောင်းရာမွန်ရာရောက်ပါစေ..လို့ ..
    အိုင်အိုရာ

    ReplyDelete
  2. သာဓု၊သာဓု၊သာဓု
    ဘလော့မှာ မှာ ခဏသာသိကျွမ်းခဲ့ပေမဲ့ တခါတလေသူ့ ကိုသတိရမိနေတယ်။

    ReplyDelete
  3. ညီမလေးငွေစနာ တယောက်လည်း ရောက်ရာဘ၀က သာဓုခေါ်ဆိုနိုင်မှာပါ။

    ReplyDelete
  4. သာဓု..သာဓု..သာဓု..
    အစ်မငွေစန္ဒာ.. ကောင်းရာမွန်ရာဘဝမှာမှ သာဓုခေါ်နေမှာပါ...

    ReplyDelete
  5. ကျန်ရစ်သူမိသားစုရဲ့ ပြုပြုသမျှ ဒါနကို မငွေစန္ဒာတစ်ယောက် ကောင်းမွန်ရာ ဘုံဘ၀မှ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်နေရှာမယ်လို့ ယုံကြည်မိပါတယ်။

    ReplyDelete
  6. မငွေစန္ဒာတယောက်..
    ရောက်ရာဘုံဘဝကနေ သာဓုခေါ်နေမှာပါ..
    သူမရှိပေမဲ့..ကျမအမြဲလာဖတ်လေ့ရှိပါတယ်...
    ကျန်ရစ်သူအတွက်ရောကိုယ်ချင်းစာခံစားမိပါတယ်..
    မီးမီးငယ်

    ReplyDelete