Sunday, August 4, 2013

ငွေစန္ဒာ (၂)နှစ်ပြည့် ဆွမ်းကျွေး တရားနာ အမျှဝေ ရေစက်ချပွဲ

ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားတာ (၂)နှစ်ပြည့်တဲ့ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၄)ရက်မှာ ကင်စတန်မြို့၊ ဓမ္မဒီပဝိဟာရ ဆရာတော်ကို အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆက်ကပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဆရာတော်က ပညာရေးကိစ္စနဲ့ သီရိလင်္ကာနိုင်ငံကို ဇူလိုင်(၃)ရက်နေ့က ကြွသွားခဲ့တဲ့အတွက် အဆိုပါနေ့မှာ ဆွမ်းမကပ်နိုင်ခဲ့ပါ။

(၂)ပတ်အကြာ ဆရာတော်ပြန်ကြွလာပြီးမှ ဆရာတော်ကို ဆွမ်းစီမံပေးနေတဲ့ မိတ်ဆွေရဲ့ စီစဉ်မှုကြောင့် ဇူလိုင်လ(၂၈)ရက်၊ တနင်္ဂနွေနေ့မှာ ဆွမ်းကပ်ခွင့် ရခဲ့ပါတယ်။ ကျွန်တော်က ရပ်ဝေးမှာနေတဲ့အတွက် အဆိုပါမိတ်ဆွေကိုဘဲ အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်းချက်ပေးဘို့ အကူအညီတောင်းရပါတယ်။

တနင်္ဂနွေနံနက်တိုင်း ယောဂီ(၂၀)ကျော်လောက်ဟာ ဆရာတော်ရဲ့ အလုပ်ပေးတရားကိုနာယူရင်း ပုံမှန်တရားထိုင်ကြပါတယ်။ နံနက်(၈)နာရီမှ (၉)နာရီတစ်ချိန်၊ (၁၀)နာရီမှ (၁၁))နာရီတစ်ချိန် ထိုင်ကြတာပါ။ အဆိုပါ ယောဂီများကို နေ့လည်စာနဲ့ ဧည့်ခံဘို့ အခြားမိတ်ဆွေနဲ့ဇနီးကို အကူအညီတောင်းရပါတယ်။

ဒါနဲ့ ကျွန်တော်လည်းကင်စတန်မြို့သို့ ဇူလိုင်လ(၂၇)ရက်ညနေက သွားရောက်ခဲ့ပါတယ်။ ဆရာတော့် ကျောင်းမှာဘဲ တည်းခိုပါတယ်။

ဆွမ်းစီမံတဲ့ မိတ်ဆွေစီစဉ်တဲ့အတိုင်း ဇူလိုင်လ(၂၈)ရက်နံနက်မှာ ဆရာတော်ကို ကိုယ်တိုင်ကိုယ်ကျ အရုဏ်ဆွမ်းဆက်ကပ်ခဲ့ပါတယ်။

ပြီးတော့ ဆရာတော်ရဲ့ အလုပ်ပေးတရားထိုင်ပွဲမှာ ဝင်ရောက်တရားမှတ်ခဲ့ပါတယ်။ ပထမတစ်ချိန် တစ်နာရီကြာတရားထိုင်ပြီး ဆရာတော်က ဝိပဿနာတရား ချီးမြှင့်ပါတယ်။ နာရီဝက်ခန့်နားပြီး ဒုတိယတစ်ချိန်မှာလည်း တစ်နာရီကြာတရားထိုင်ကြပါတယ်။  

တရားထိုင်ပွဲပြီးတော့ ဆရာတော်ကို ဆွမ်းစီမံတဲ့မိတ်ဆွေ၊ အခြားမိတ်ဆွေဇနီးမောင်နှံတို့ရဲ့ ဟင်းလျာတွေနဲ့ ကျွန်တော်ချက်လာခဲ့တဲ့ ချဉ်ပေါင်ရွက်နဲ့မျှစ်ကြော်နဲ့အတူ သစ်သီးတွေနဲ့ ဆရာတော်ကို နေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ်။ 

ပြီးတဲ့အခါ မိတ်ဆွေတွေရဲ့ ဟင်းလျာတွေနဲ့အတူ ကျွန်တော်ရဲ့ချဉ်ပေါင်ရွက်ကြော်နဲ့ ယောဂီအပေါင်းသူတော်ကောင်းတွေကို နေ့လည်စာနဲ့ ဧည့်ခံခဲ့ပါတယ်။ 

နေ့လည်စာ သုံးဆောင်ပြီးတဲ့အခါ ဆရာတော့်ထံမှ တရားနာယူကြပါတယ်။

ဆရာတော်က လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေ ကျင်လည်နေကြတဲ့ (၃၁)ဘုံမှာ ဗြဟ္မာ့ဘုံဟာ ဉာဏ်ဦးစီးတဲ့ဘုံ၊ နတ်ဘုံနဲ့ အပါယ်(၄)ဘုံထဲက ငရဲ၊ ပြိတ္တာနဲ့ အသူရကယ်တို့ဟာ ကံဦးစီးတဲ့ဘုံတွေ လူ့ဘုံနဲ့ အပါယ်(၁)ဘုံဖြစ်တဲ့ တိရစ္ဆာန်ဘုံတို့ဟာ ဝီရိယဦးစီးတဲ့ဘုံတွေ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

စေတနာဟာ ကံဖြစ်တယ်လို့ ဘုရားဟောထားတယ်။ လူ့ဘုံမှာ စေတနာကောင်းရုံနဲ့ ချက်ခြင်းအကျိုးမပေးနိုင်ဘဲ စေတနာရင့်သန်အောင် ကြိုးစားပြီး ဝီရိယစိုက်မှသာ အကျိုးပေးနိုင်တဲ့ သဘောရှိကြောင်း ဆက်ရှင်းပြပါတယ်။

နတ်ဘုံနဲ့ ငရဲ၊ ပြိတ္တာ၊ အသူရကယ်ဘုံတို့ဟာ ကံဦးစီးတဲ့ဘုံတွေ ဖြစ်ကြတဲ့အတွက် စေတနာရဲ့အကျိုးကို ချက်ခြင်းခံစားနိုင်တဲ့အကြောင်း ဟောပြပါတယ်။

ဘဝတစ်ပါးသို့ ပြောင်းသွားတဲ့ ပုဂ္ဂိုလ်ကိုရည်စူးပြီး ကျန်ရစ်သူက ကောင်းမှုကုသိုလ်လုပ်၊ အမျှဝေရင် အဲ့ဒီပုဂ္ဂိုလ်ဟာ အမျှဝေတာကိုကြားနိုင်၊ မြင်နိုင်၊ သိနိုင်တဲ့ ကံဦးစီးတဲ့ ဘုံဋ္ဌာနမှာရောက်နေပြီး ကုသိုလ်ကို လိုအပ်တဲ့ အနေအထားမှာလည်း ရှိရမယ်၊ ကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ရမယ်၊ ဒါဆိုရင် စေတနာဖြစ်ပေါ်ပြီး သူ့ရဲ့စေတနာကသူ့ကို ချက်ခြင်းအကျိုးပေးတဲ့အကြောင်း ဆက်လက်ဟောပြပါတယ်။ 

နတ်ဘုံဋ္ဌာန ရောက်နေရင် ပြည့်စုံပြီးသားဖြစ်နေတဲ့အတွက် ကျန်တဲ့သူက အာရုံပြုပြီး ကုသိုလ်လုပ်ပေမယ့် သူ့အနေနဲ့  မလိုအပ်ရင် အရေးမကြီးတော့တဲ့အကြောင်း ရှင်းလင်းပြပါတယ်။ 

ဝီရိယဦးစီးတဲ့ လူ့ဘုံဘဝရောက်နေပြီး ဇာတိသရဉာဏ် မရရင် ကျန်ရစ်သူက ကောင်းမှုကုသိုလ်ပြု အမျှဝေရင်လည်း သာဓုမခေါ်နိုင်တဲ့အကြောင်း ဆက်ပြီးရှင်းပြပါတယ်။ 

ဒါပေမယ့် ကုသိုလ်ကောင်းမှုပြုတဲ့ ကျန်ရစ်သူကတော့ ကုသိုလ်တွေရတဲ့အကြောင်း ဟောပြလို့ တန်ဘိုးရှိစွာသိနားလည်ရပါတယ်။ 

ဒီလို ရှင်းရှင်းလင်းလင်း သိနားလည်အောင် ဟောပေးတဲ့အတွက် ဆရာတော်ကို အထူးကျေးဇူးတင်ရပါတယ်။

ငွေစန္ဒာ အတွက်ရည်စူးပြီး ကျွန်တော်နဲ့ မိသားစုက ဆရာတော် နဝကမ္မသုံးစွဲရန်အတွက် ဝတ္ထုငွေ လှူဒါန်းဆက်ကပ်ခဲ့ပါတယ်။

ဆရာတော်ရဲ့ အစီအစဉ်အတိုင်း ဒါန၊ သီလ၊ ဘာဝနာကုသိုလ် အစုစုတို့ကို အားလံုးၾကားၾကားသမ်ႇ၊ အမ်ႇ၊ အမ်ႇ၊ အမ်ႇ ယူတော်မူကြပါရန် ရေစက်ချ၍ ဝမ်းမြောက်ဝမ်းသာစွာ အမျှပေးဝေခဲ့ပါတယ်။       ။



ငွေစန္ဒာ မိသားစု


ကင်စတန်မြို့၊ ဓမ္မဒီပဝိဟာရ ဆရာတော် နေ့ဆွမ်းဘုဉ်းပေးနေတာပါ။ 

ဆရာတော်ကို ဓမ္မမိတ်ဆွေတွေနဲ့ အတူနေ့ဆွမ်း ဆက်ကပ်။

ယောဂီအပေါင်းတို့နဲ့ အတူနေ့လည်စာကို လက်ဆုံစားခဲ့။

ဆရာတော်ထံမှ တရားတော်ကို တလေးတစား နာယူကြ။

ပြုပြုသမျှကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ။





2 comments:

  1. Many thanks for sharing Sayadaw's valuable talks.Sadhu, Sadhu, Sadhu.

    ReplyDelete
  2. Thar Du Thar Du Thar Du.

    ReplyDelete