Sunday, August 4, 2013

ငွေစန္ဒာ (၂)နှစ်ပြည့် ဆွမ်းကျွေး တရားနာ အမျှဝေ ရေစက်ချပွဲ

ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားတာ (၂)နှစ်ပြည့်တဲ့ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၄)ရက်မှာ ကင်စတန်မြို့၊ ဓမ္မဒီပဝိဟာရ ဆရာတော်ကို အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆက်ကပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဆရာတော်က ပညာရေးကိစ္စနဲ့ သီရိလင်္ကာနိုင်ငံကို ဇူလိုင်(၃)ရက်နေ့က ကြွသွားခဲ့တဲ့အတွက် အဆိုပါနေ့မှာ ဆွမ်းမကပ်နိုင်ခဲ့ပါ။

(၂)ပတ်အကြာ ဆရာတော်ပြန်ကြွလာပြီးမှ ဆရာတော်ကို ဆွမ်းစီမံပေးနေတဲ့ မိတ်ဆွေရဲ့ စီစဉ်မှုကြောင့် ဇူလိုင်လ(၂၈)ရက်၊ တနင်္ဂနွေနေ့မှာ ဆွမ်းကပ်ခွင့် ရခဲ့ပါတယ်။ ကျွန်တော်က ရပ်ဝေးမှာနေတဲ့အတွက် အဆိုပါမိတ်ဆွေကိုဘဲ အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်းချက်ပေးဘို့ အကူအညီတောင်းရပါတယ်။

တနင်္ဂနွေနံနက်တိုင်း ယောဂီ(၂၀)ကျော်လောက်ဟာ ဆရာတော်ရဲ့ အလုပ်ပေးတရားကိုနာယူရင်း ပုံမှန်တရားထိုင်ကြပါတယ်။ နံနက်(၈)နာရီမှ (၉)နာရီတစ်ချိန်၊ (၁၀)နာရီမှ (၁၁))နာရီတစ်ချိန် ထိုင်ကြတာပါ။ အဆိုပါ ယောဂီများကို နေ့လည်စာနဲ့ ဧည့်ခံဘို့ အခြားမိတ်ဆွေနဲ့ဇနီးကို အကူအညီတောင်းရပါတယ်။

ဒါနဲ့ ကျွန်တော်လည်းကင်စတန်မြို့သို့ ဇူလိုင်လ(၂၇)ရက်ညနေက သွားရောက်ခဲ့ပါတယ်။ ဆရာတော့် ကျောင်းမှာဘဲ တည်းခိုပါတယ်။

ဆွမ်းစီမံတဲ့ မိတ်ဆွေစီစဉ်တဲ့အတိုင်း ဇူလိုင်လ(၂၈)ရက်နံနက်မှာ ဆရာတော်ကို ကိုယ်တိုင်ကိုယ်ကျ အရုဏ်ဆွမ်းဆက်ကပ်ခဲ့ပါတယ်။

ပြီးတော့ ဆရာတော်ရဲ့ အလုပ်ပေးတရားထိုင်ပွဲမှာ ဝင်ရောက်တရားမှတ်ခဲ့ပါတယ်။ ပထမတစ်ချိန် တစ်နာရီကြာတရားထိုင်ပြီး ဆရာတော်က ဝိပဿနာတရား ချီးမြှင့်ပါတယ်။ နာရီဝက်ခန့်နားပြီး ဒုတိယတစ်ချိန်မှာလည်း တစ်နာရီကြာတရားထိုင်ကြပါတယ်။  

တရားထိုင်ပွဲပြီးတော့ ဆရာတော်ကို ဆွမ်းစီမံတဲ့မိတ်ဆွေ၊ အခြားမိတ်ဆွေဇနီးမောင်နှံတို့ရဲ့ ဟင်းလျာတွေနဲ့ ကျွန်တော်ချက်လာခဲ့တဲ့ ချဉ်ပေါင်ရွက်နဲ့မျှစ်ကြော်နဲ့အတူ သစ်သီးတွေနဲ့ ဆရာတော်ကို နေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ်။ 

ပြီးတဲ့အခါ မိတ်ဆွေတွေရဲ့ ဟင်းလျာတွေနဲ့အတူ ကျွန်တော်ရဲ့ချဉ်ပေါင်ရွက်ကြော်နဲ့ ယောဂီအပေါင်းသူတော်ကောင်းတွေကို နေ့လည်စာနဲ့ ဧည့်ခံခဲ့ပါတယ်။ 

နေ့လည်စာ သုံးဆောင်ပြီးတဲ့အခါ ဆရာတော့်ထံမှ တရားနာယူကြပါတယ်။

ဆရာတော်က လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေ ကျင်လည်နေကြတဲ့ (၃၁)ဘုံမှာ ဗြဟ္မာ့ဘုံဟာ ဉာဏ်ဦးစီးတဲ့ဘုံ၊ နတ်ဘုံနဲ့ အပါယ်(၄)ဘုံထဲက ငရဲ၊ ပြိတ္တာနဲ့ အသူရကယ်တို့ဟာ ကံဦးစီးတဲ့ဘုံတွေ လူ့ဘုံနဲ့ အပါယ်(၁)ဘုံဖြစ်တဲ့ တိရစ္ဆာန်ဘုံတို့ဟာ ဝီရိယဦးစီးတဲ့ဘုံတွေ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

စေတနာဟာ ကံဖြစ်တယ်လို့ ဘုရားဟောထားတယ်။ လူ့ဘုံမှာ စေတနာကောင်းရုံနဲ့ ချက်ခြင်းအကျိုးမပေးနိုင်ဘဲ စေတနာရင့်သန်အောင် ကြိုးစားပြီး ဝီရိယစိုက်မှသာ အကျိုးပေးနိုင်တဲ့ သဘောရှိကြောင်း ဆက်ရှင်းပြပါတယ်။

နတ်ဘုံနဲ့ ငရဲ၊ ပြိတ္တာ၊ အသူရကယ်ဘုံတို့ဟာ ကံဦးစီးတဲ့ဘုံတွေ ဖြစ်ကြတဲ့အတွက် စေတနာရဲ့အကျိုးကို ချက်ခြင်းခံစားနိုင်တဲ့အကြောင်း ဟောပြပါတယ်။

ဘဝတစ်ပါးသို့ ပြောင်းသွားတဲ့ ပုဂ္ဂိုလ်ကိုရည်စူးပြီး ကျန်ရစ်သူက ကောင်းမှုကုသိုလ်လုပ်၊ အမျှဝေရင် အဲ့ဒီပုဂ္ဂိုလ်ဟာ အမျှဝေတာကိုကြားနိုင်၊ မြင်နိုင်၊ သိနိုင်တဲ့ ကံဦးစီးတဲ့ ဘုံဋ္ဌာနမှာရောက်နေပြီး ကုသိုလ်ကို လိုအပ်တဲ့ အနေအထားမှာလည်း ရှိရမယ်၊ ကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ရမယ်၊ ဒါဆိုရင် စေတနာဖြစ်ပေါ်ပြီး သူ့ရဲ့စေတနာကသူ့ကို ချက်ခြင်းအကျိုးပေးတဲ့အကြောင်း ဆက်လက်ဟောပြပါတယ်။ 

နတ်ဘုံဋ္ဌာန ရောက်နေရင် ပြည့်စုံပြီးသားဖြစ်နေတဲ့အတွက် ကျန်တဲ့သူက အာရုံပြုပြီး ကုသိုလ်လုပ်ပေမယ့် သူ့အနေနဲ့  မလိုအပ်ရင် အရေးမကြီးတော့တဲ့အကြောင်း ရှင်းလင်းပြပါတယ်။ 

ဝီရိယဦးစီးတဲ့ လူ့ဘုံဘဝရောက်နေပြီး ဇာတိသရဉာဏ် မရရင် ကျန်ရစ်သူက ကောင်းမှုကုသိုလ်ပြု အမျှဝေရင်လည်း သာဓုမခေါ်နိုင်တဲ့အကြောင်း ဆက်ပြီးရှင်းပြပါတယ်။ 

ဒါပေမယ့် ကုသိုလ်ကောင်းမှုပြုတဲ့ ကျန်ရစ်သူကတော့ ကုသိုလ်တွေရတဲ့အကြောင်း ဟောပြလို့ တန်ဘိုးရှိစွာသိနားလည်ရပါတယ်။ 

ဒီလို ရှင်းရှင်းလင်းလင်း သိနားလည်အောင် ဟောပေးတဲ့အတွက် ဆရာတော်ကို အထူးကျေးဇူးတင်ရပါတယ်။

ငွေစန္ဒာ အတွက်ရည်စူးပြီး ကျွန်တော်နဲ့ မိသားစုက ဆရာတော် နဝကမ္မသုံးစွဲရန်အတွက် ဝတ္ထုငွေ လှူဒါန်းဆက်ကပ်ခဲ့ပါတယ်။

ဆရာတော်ရဲ့ အစီအစဉ်အတိုင်း ဒါန၊ သီလ၊ ဘာဝနာကုသိုလ် အစုစုတို့ကို အားလံုးၾကားၾကားသမ်ႇ၊ အမ်ႇ၊ အမ်ႇ၊ အမ်ႇ ယူတော်မူကြပါရန် ရေစက်ချ၍ ဝမ်းမြောက်ဝမ်းသာစွာ အမျှပေးဝေခဲ့ပါတယ်။       ။



ငွေစန္ဒာ မိသားစု


ကင်စတန်မြို့၊ ဓမ္မဒီပဝိဟာရ ဆရာတော် နေ့ဆွမ်းဘုဉ်းပေးနေတာပါ။ 

ဆရာတော်ကို ဓမ္မမိတ်ဆွေတွေနဲ့ အတူနေ့ဆွမ်း ဆက်ကပ်။

ယောဂီအပေါင်းတို့နဲ့ အတူနေ့လည်စာကို လက်ဆုံစားခဲ့။

ဆရာတော်ထံမှ တရားတော်ကို တလေးတစား နာယူကြ။

ပြုပြုသမျှကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ။





Thursday, July 4, 2013

ငွေစန္ဒာ (၂)နှစ်ပြည့် အထိမ်းအမှတ်

 ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားသည်မှာ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့တွင် (၂)နှစ်တင်းတင်းပြည့်မြောက်ပြီဖြစ်ပါတယ်။

 ငွေစန္ဒာကို အထူးဂုဏ်ပြုတဲ့အနေနဲ့ 'ငွေစန္ဒာကို ကျေးဇူးဆပ်ခြင်း' ဆိုတဲ့ ဆောင်းပါးကို တင်ပြလိုက်ပါတယ်။


ငွေစန္ဒာကို ကျေးဇူးဆပ်ခြင်း

လ္ဓန်ခဲ့တဲ့လအနည်းငယ်ထဲက ဒီဆောင်းပါးကိုတင်ပြလိုတဲ့ စိတ်ပြင်းပြခဲ့ပေမယ့်လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ပါ။ ဒီတစ်ခါတော့ ငွေစန္ဒာ(၂)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မဖြစ်မနေဖော်ပြလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ငွေစန္ဒာဘဝတစ်ပါးသို့ပြောင်းသွားတဲ့နေ့မှ တစ်နှစ်ခွဲအကြာ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့မှာ ဒုလ္လဘရဟန်းအဖြစ် ခံယူခွင့်ရရှိခဲ့ပါတယ်။

 ကျွန်တော်နဲ့မိသားစုဟာ ပစ္စန္တရာဇ်အရပ်မှာ နှစ်အတန်ကြာနေထိုင်ခဲ့ရပါတယ်။ အာဖရိကတောင်ပိုင်းက လီဆိုသိုလို့အမည်ရတဲ့ ဘုရင့်တောင်ပေါ်နိုင်ငံလေးမှာပါ။ ဘုန်းကြီးကျောင်းမရှိပါ။ ရဟန်းသံဃာမရှိပါ။

 သို့သော် ကျွန်တော်နေထိုင်ခဲ့ရာမြို့မှ ကီလိုမီတာ(၃၀၀)ခန့်ကွာဝေးတဲ့ တောင်အာဖရိကနိုင်ငံ၊ ပီတာမာရစ်(စ်)ဘာ့(ဂ်)၊ မြို့ရှိ မြန်မာဘုန်းကြီးကျောင်းသို့ ၃ ခေါက်ရောက်ပြီး ထိုစဉ်က သီတင်းသုံးခဲ့တဲ့ မြန်မာသံဃာတော်တစ်ပါးကို ဖူးခဲ့ရပါတယ်။

 အဆိုပါ အရပ်မှာ ကျွန်တော်နေထိုင်ခဲ့စဉ်က သီရိလင်္ကာမိတ်ဆွေများရဲ့ ကျေးဇူးပြုမှုကြောင့် အာဖရိကအလယ်ပိုင်း၊ တန်ဇန်နီးယားနိုင်ငံမှာသီတင်းသုံးတဲ့ သီရိလင်္ကာသံဃာတစ်ပါးကို ရတောင့်ရခဲ အခွင့်အရေးတစ်ခုအနေနဲ့ နေအိမ်သို့ပင့်ဆောင်ခွင့်ရခဲ့ပါတယ်။ မြန်မာမိသားစု တချို့နဲ့အတူ မိမိနေအိမ်မှာ တရားနာခွင့်၊ တရားမှတ်ခွင့်ရရှိခဲ့ပါတယ်။ တဖန် မြန်မာမိသားစုနှစ်စုမှာ ဝမ်းနည်းကြေကွဲဘွယ်ရာ နာရေးကိစ္စပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ သီရိလင်္ကာသံဃာတော်ကို ပင့်ဆောင်ခဲ့ရလို့ ဒုတိယအကြိမ် ဖူးမျှော်နိုင်ခဲ့ရပါတယ်။

 ကျွန်တော်မရောက်ခင်က မြန်မာသံဃာတော်ဆို၍ ချမ်းမြေ့ဆရာတော်တစ်ပါးသာ ကြွလာခဲ့ဘူးတယ်လို့ မှတ်သားရပါတယ်။ ထိုမှတစ်ပါး မည်သည့်မြန်မာရဟန်းမှ ထိုအရပ်သို့ ထိုစဉ်ကကြွမလာခဲ့ဘူးပါ။

 သို့သော်လည်း မြန်မာမိသားစု အများဆုံးနေတဲ့ မြို့တော်မာဆေးရူးရှိ နေအိမ်တချို့မှာ အခါအားလျှော်စွာ စုပေါင်းဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်နိုင်ခဲ့ပါတယ်။

 မိမိအနေနဲ့အာဖရိကမှာ နေစဉ်ထဲက ဒုလ္လဘရဟန်း ခံလိုစိတ်ပြင်းပြခဲ့ပါတယ်။ အကြောင်းအားလျှော်စွာ ကာရစ်ဘီယံပင်လယ်ဒေသရှိ ကျွန်းနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့ဘို့ အကြောင်းဖန်လာပါတယ်။ ဒီနိုင်ငံမှာ ဘုန်းကြီးကျောင်း (၁)ကျောင်းရှိပြီး မြန်မာသံဃာ(၁)ပါး သီတင်းသုံးနေတာသိရတော့ သံဃာရတနာရှိရာအရပ်ကို ပြောင်းရွှေ့ရမှာပါလားဆိုပြီး မိမိနဲ့ဇနီးတို့ ပီတိသောမနဿ ဖြစ်ခဲ့ကြရပါတယ်။

ဒါပေမဲ့ အာဖရိကမှာရော၊ ဒီကျွန်းမှာပါ ရဟန်းခံဘို့ အကြောင်းမညီညွတ်ခဲ့ပါ။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ထဲမှာတော့ သားများနှင့် သမီးငယ်တို့ ကျောင်းတက်နေရာ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ သို့ ပထမအကြိမ် သွားရောက်လည်ပတ်ရန် စီစဉ်နိုင်ခဲ့ပါတယ်။

အမေရိကန်တွင် ခေတ္တနေထိုင်စဉ် တရားစခန်းပွဲနှင့် ကြုံကြိုက်လျှင်ကောင်းလေစွလို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ ခရီးမထွက်မီ နှစ်ရက်အလို Burmese Classic Website မှာ နှစ်သစ်ကူး တရားစခန်းပွဲ ကျင်းပမယ့်အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဖရီးမောင့်မြို့ မှာပါ။ ကျွန်တော့အနေနဲ့ ဖရီးမောင့်ဆိုတာ ဘယ်နားရှိမှန်း မသိခဲ့ပါ။ ဒါနဲ့ဆန်ဖရန်က သားကြီးကို လှမ်းမေးရပါတော့တယ်။ သားကြီးက 'သားတို့အိမ်နားက မြေအောက်ရထားစီးသွားရင် နာရီဝက်အကြာမှာ အဲ့ဒီမြို့ကိုရောက်တယ်' ဆိုတဲ့အဖြေကို ဝမ်းသာစွာ ရခဲ့ပါတယ်။

ဆန်ဖရန်ရောက်ပြီးတဲ့အခါ တရားစခန်းပြုလုပ်မယ့် ဖရီးမောင့်မြို့၊ မေတ္တာနန္ဒကျောင်းကို ဖုန်းဆက်လိုက်ပါတယ်။ ဆရာတော်ကိုယ်တိုင် ဖုန်းကိုင်တာကြုံပြီး မိမိနဲ့ သမီးလေးတို့ (၂)ဦး နှစ်သစ်ကူး တရားစခန်းပွဲဝင်ဘို့ လျှောက်ထားတောင်းပန်တော့ ဆရာတော်က ဝမ်းသာစွာ လက်ခံခဲ့ပါတယ်။

ဒါနဲ့ ဆရာတော် အမိန့်ရှိတဲ့အတိုင်း တစ်ရက်ကြိုပြီး ဒီဇင်ဘာလ (၂၄)ရက်ညမှာ ဆန်ဖရန်နေတဲ့ မြန်မာမိတ်ဆွေ တစ်ဦးနဲ့အတူ သားအဖနှစ်ယောက် မေတ္တာနန္ဒကျောင်းသို့သွားပြီး တရားစခန်းဝင်ဖြစ်ကြပါတယ်။

ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်မှာ နှစ်သစ်ကူး တရားစခန်းဖွင့်ပွဲ အခမ်းအနားကျင်းပပါတယ်။

 နေ့စဉ် ရှစ်ပါးသီလ ခံယူအပြီး ဆရာတော်ရဲ့ အချိန်ဇယားအတိုင်း ထိုင်၍၎င်း၊ စင်္ကြန်လျှောက်၍၎င်း တရားမှတ်ရပါတယ်။ ညနေပိုင်းမှာ ဆရာတော်နဲ့ အခြားသံဃာတော်တို့က ယောဂီအားလုံးကို အလှည့်ကျ တရားချီးမြှင့် ပေးပါတယ်။

ဆရာတော်က ယောဂီအသစ်တွေကို နံနက်ပိုင်းမှာ ဘုရားခန်းသို့ခေါ်၍ သိသင့်သိထိုက်တာတွေကို ဟောပြောပါတယ်။ မိမိနဲ့သမီးတို့ ဓမ္မကြောင်းအရရော လောကကြောင်းအရပါ အဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတ များစွာရပါတယ်။

ဆရာတော်က မဟာသတိပဋ္ဌာန်သုတ်တော်အတိုင်း ဝင်လေထွက်လေ အာနာပါန ရှုနည်းကို နည်း(၅)မျိုးခန့် တစ်ဆင့်ချင်းရှင်းပြပေးပြီး မှတ်ခိုင်းပါတယ်။ လိုအပ်တဲ့ စာရွက်၊ စာတမ်းတွေကိုလဲ ဖတ်ရှုဘို့ ဝေပေးပါတယ်။

မိမိလည်း ဆရာတော်ညွှန်ပြတဲ့အတိုင်း လိုက်နာပြီးအားထုတ်ပါတယ်။ ဆရာတော်က သမာဓိတည်ဘို့ သမထ ဘာဝနာကိုသာ အားထုတ်ခိုင်းတာပါ။ ကျွန်တော်လည်း သမထ ဘာဝနာသက်သက်ကို တစိုက်မတ်မတ်အားထုတ်ဖူးတာ ဒါပထမဆုံးအကြိမ်ပါ။ သမာဓိတည်အောင် ဝင်လေ၊ ထွက်လေကို တစ်နည်းပြီးတစ်နည်း ရှုမှတ်ပုံကိုလည်း တန်ဘိုးရှိစွာ သိရ၊ မှတ်ရ၊ ပွားများရပါတယ်။

တစ်ရက်ထက် တစ်ရက်ပိုပြီး သမာဓိထူထောင် နိုင်ပါတော့တယ်။

အထူးအားဖြင့် ဒီဇင်ဘာလ(၃၁)ရက်ည (၁၀)နာရီအချိန်ကစ၍ ဆရာတော်နဲ့ ယောဂီများအားလုံး (၅၂၈)သွယ် မေတ္တာပွားပြီး ၂၀၁၃ ခုနှစ်ကို ထူးခြားစွာ ကြိုဆိုခဲ့ကြပါတယ်။

 နှစ်သစ်ကူးရက် နေ့လည်မှာ (၇)ရက် တရားစခန်းပွဲကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါတယ်။

ကျွန်တော့်ရဲ့ သမထ ဆရာဘုန်းကြီးအဖြစ် ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ ဆရာတော်ကို ဦးခိုက်ပူဇော်ရင်း အထူးကျေးဇူး တင်ရပါတယ်။

(၃)ရက်အကြာ၊ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်မှာ ဆန်ဖရန်စစ္စကို ဗေးဧရိယာ ဒေးလီးစီးတီးနေ သူငယ်ချင်းနဲ့အစ်မတို့ အကူအညီနဲ့ ဟတ်(ဖ်)မွန်းဘေးမြို့၊ ဓမ္မာနန္ဒကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို ဥပစ္ဇျယ်ပြု၍ ဒုလ္လဘရဟန်း ခံနိုင်ခဲ့ပါတယ်။ ဒုတိယဆရာတော်က ရဟန်းလောင်းကို ဆုံးမပါတယ်။ ဆရာတော်(၂)ပါးနဲ့အတူ သံဃာသုံးပါး၊ သူငယ်ချင်းမောင်နှမ၊ သားများနဲ့ သမီးလေးတို့ကိုလည်း အထူးကျေးဇူး တင်ရပါတယ်။

 နောက်တစ်ရက် ဇန်နဝါရီလ (၅)ရက်မှစ၍ ဓမ္မာနန္ဒကျောင်းမှာ ကျင်းပတဲ့ (၅)ရက်တရားစခန်းပွဲကို ဒုတိယအကြိမ် ဝင်ဖြစ်ပါတယ်။ ကမ္မဋ္ဌာနစရိယ ဆရာတော်က မြန်မာပြည်မှခေတ္တကြွလာတဲ့ ဟင်္သာတဆရာတော် ဖြစ်ပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဥပနိဿယ လမ်းစဉ်အတိုင်း တရားပြမယ်ဆိုတာသိရလို့ အားရဝမ်းသာဖြစ်ရပါတယ်။ မြန်မာပြည်မှာနေစဉ် တရားစခန်း(၂)ကြိမ် ဝင်ခဲ့ဘူးပေမယ့် မိုးကုတ်ဝိပသနာစခန်းကို ဆန္ဒရှိခဲ့တဲ့အတိုင်း ယခုမှဝင် ဖြစ်တာပါ။

ငယ်စဉ်အခါထဲက အဖိုးက အဖွားကို မိုးကုတ်တရားစာအုပ် ညစဉ်လိုလို ဖတ်ပြတာကို ကြားသိရထဲက မိုးကုတ်တရားတော်နဲ့ ရင်းနှီးခဲ့ပါတယ်။ အဖွားနဲ့ တရားပွဲများသို့ လိုက်နာခဲ့စဉ် နာကြားခဲ့ရတဲ့ မိုးကုတ်တရားတော်တွေကြောင့် နားရည်ဝ ခဲ့ရပါတယ်။ ကျောင်းပြီးတဲ့အခါမှာလည်း တရားပွဲတွေမှာ နာခဲ့ရတဲ့ မိုးကုတ်တရားတော်တွေကြောင့် စာတွေ့အားဖြင့် အတော်အတန် သိတယ်လို့ ထင်ခဲ့ပေမယ့် တစ်ခါမှ မိုးကုတ်ရိပ်သာတွေမှာ စခန်းဝင်တရားအားထုတ်မှု မပြုခဲ့ဖူးပါ။

 ငွေစန္ဒာ မကျန်းမာစဉ်က မိုးကုတ်တရားတော်များ နာကြားပြီး တရားမှတ်စဉ် ဖန်တရာထေအောင် ကြားခဲ့ရပေမယ့် ငါအကုန်သိပြီးသားတွေဆိုပြီး အာရုံမစိုက်ခဲ့ဘဲ ကျွဲပါးစောင်းတီးပမာ နေခဲ့ပါတယ်။

ဒုတိယတရားစခန်းပွဲ ဝင်တော့လဲ ဆရာတော်ရဲ့ အချိန်ဇယားအတိုင်း ဆရာတော်ရဲ့ ညွှန်ကြားချက်ကို အတိအကျလိုက်နာပြီး တရားအားထုတ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒုလ္လဘရဟန်းအဖြစ် သံဃာစင်ပေါ် ဆရာတော့်တရားဟော ပလ္လင်အနီးမှာ တရားထိုင်ခွင့် ရရှိခဲ့ပါတယ်။

ဆရာတော်က ပထမ(၃)ရက်မှာ ထွက်လေ၊ ဝင်လေကို သာမှတ်ခိုင်းပြီး သမထ ဘာဝနာကို ရှူမှတ်စေပါတယ်။ ကျွန်တော့်အနေနဲ့ ပထမ(၇)ရက် တရားစခန်းမှာ အတော်အတန် သမာဓိ ထူထောင်နိုင်ခဲ့ပြီးဖြစ်သလို ဒီတစ်ခါမှာလဲ သမာဓိရအောင် ရှုမှတ်ရတာ လွန်စွာအဆင်ပြေလှပါတယ်။

(၄)ရက်မြောက်နေ့မှာ သမထဘာဝနာမှ ဝိပသနာဘာဝနာသို့ ပြောင်းပြီးရှုမှတ် စေပါတယ်။ ဆရာတော်က အရင်ရက်တွေကလို တရားထိုင်ချိန် (၁)နာရီမသက်မှတ်တော့ပါဘူး။ သက်မှတ်ချိန် (၁)နာရီပြည့်ရင် တရားဖြုတ်ချင်တဲ့ ယောဂီကလည်း ဖြုတ်နိုင်ပါတယ်။ တရားမှတ်လို့ကောင်းတဲ့ ယောဂီကိုလဲ ဆက်ပြီးတော့ မှတ်စေပါတယ်။

ကျွန်တော့်အနေနဲ့ ဘုရားသားတော်လဲဖြစ်နေပြီ၊ မြတ်စွာဘုရား ပလ္လင်တော်ရှေ့၊ ဆရာတော်ရဲ့အနီးမှာ တရားအားထုတ်ခွင့်ရတဲ့ အခွင့်အရေးကို ထိထိမိမိ အသုံးချနိုင်ခဲ့ပါတယ်။ အဓိကအချက်အနေနဲ့ ဆရာတော်တရား မဖြုတ်မခိုင်းမချင်း တရားမဖြုတ်ဘူးလို့ ခိုင်မာတဲ့ အဓိဋ္ဌာန် ချခဲ့ပါတယ်။ ဆရာတော် အမိန့်ရှိသလို ဝီရိယကို မလျှော့ဘဲ ကျားကုတ်၊ ကျားခဲ အားထုတ်ခဲ့ပါတယ်။ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ဝီရိယနဲ့ ပညာဆိုတဲ့ ဗိုလ်(၅)ပါးကို အညီအညွတ်ဖြစ်စေလျှက် ရှုမှတ်နိုင်ခဲ့ပါတယ်။

ဆရာတော်ကလဲ ညနေ(၄)နာရီ တရားထိုင်ချိန်မှာ သတ်မှတ်ချိန်(၁)နာရီစေ့ပေမယ့် ဆန္ဒရှိတဲ့ယောဂီတွေကို ဆက်လက်အားထုတ်စေပါတယ်။ အလုပ်ပေးတရားကိုလဲ ဆက်လက်ချီးမြှင့်ပြီး ယောဂီတွေရဲ့ ကြိုးစားအားထုတ်မှုကို တွန်းအားပေးခဲ့ပါတယ်။

ဆရာတော်ညွှန်ကြားတဲ့အတိုင်း နေရာမရွှေ့ဘဲ (၁၅၀၀) ကိလေသာရန်သူတွေကို ဗိုလ်(၅)ပါး လက်နက်နဲ့ တိုက်ခိုက်ချေမှုန်းနိုင်အောင် အပြင်းအထန်ကြိုးစားခဲ့ရပါတယ်။ အဆိုးဆုံးကတော့ နာကျင်၊ ညောင်းညာတဲ့ ဝေဒနာပါဘဲ။ ဒီဝေဒနာကို ကျော်နိုင်အောင် ချွေးသီး၊ ချွေးပေါက် ကျခမန်း ရုန်းကန်ခဲ့ရပါတယ်။ ဒီဝေဒနာကို လက်မြှောက်၊ အရှုံးပေးပြီး ဓမ္မာရုံထဲကနေ ထွက်ပြေးချင်စိတ် ပေါ်မိပါတယ်။ ဒါပေမဲ့ ဆရာတော်ရဲ့အားပေးတိုက်တွန်းမှုကြောင့် တစ်ကိုယ်လုံး တုန်လှုပ်နေပေမယ့် ဆက်လက်အားထုတ်ရာ 'ရေမြင့်တော့ ကြာမြင့်တယ်' ဆိုတဲ့ ဆရာတော်ရဲ့ ဩဝါဒစကားအတိုင်း ဝေဒနာကို ကျော်နိုင်ခဲ့ပါတယ်။ တစ်နာရီခွဲခန့်အကြာမှာ ဆရာတော်ပလ္လင်ပေါ်က ဆင်းသွားပြီဆိုတာသိပေမယ့် ဆရာတော်ရဲ့ တိုက်တွန်းမှုကြောင့် ဆက်လက်ထိုင်ဖြစ်ပါတယ်။

အတိတ်ကာလက နာကြားခဲ့တဲ့ တရားတွေကလည်း ဉာတပရိညာအဖြစ် တရားထိုင်စဉ်မှာ ရှေ့ဘယ်လိုစခန်းသွားရမယ်ဆိုတာကို လမ်းပြပေးနိုင်ခဲ့ပါတယ်။ နာကြားခဲ့တဲ့ ဉာဏ်စဉ်တရားတွေကို နှလုံးသွင်းရင်း ဆက်လက်၍ ပြင်းထန်စွာ အားထုတ်နိုင်ခဲ့ပါတယ်။ အဆုံးမှာတော့ သုံးကြိမ်တိုင်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျပြီး အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ပီတိဖြာခဲ့ရပါတယ်။

တရားဖြုတ်ချိန် ယောဂီတချို့ ရှိနေတာသိပေမယ့် ကျွန်တော့်ရှေ့မှာ ဘုရားပလ္လင်သာ ရှိနေတဲ့အားသာချက်ကြောင့် မျက်ရည်ကျခဲ့တာ တခြားယောဂီများ သိရှိခဲ့မယ် မဟုတ်ပါ။

တစ်ရက်တာ တရားထိုင်ချိန်၊ တရားနာချိန် ကုန်ဆုံးပြီး ညချမ်းအချိန်မှာ ဆရာတော်ကို ဒီအကြောင်းလျှောက်ထားတော့ ဆရာတော်ကလဲ အားရရွှင်လန်းစွာနဲ့ ဝမ်းမြောက်ကြောင်း မိန့်ကြားပါတယ်။ ဆရာတော်ကိုလည်း ဝိပသနာဆရာဘုန်းကြီးအဖြစ် ဦးခိုက်ရင်း အထူးတလည် ကျေးဇူးတင်ကြောင်း လျှောက်ထားခဲ့ပါတယ်။

'အရင်းစစ်တော့ အမြစ်မြေက' ဆိုတဲ့အတိုင်း ငွေစန္ဒာကိုယ်တိုင် အားထုတ်ကျင့်ကြံခဲ့တဲ့ အတွေ့အကြုံပေါ်မှုတည်ပြီး ကျွန်တော့်ကို ဘယ်လိုဖြစ်ရင်ဘယ်လို ရှုမှတ်သင့်တယ် ဆိုတာကို သင်ပေးခဲ့ပါတယ်။ ငွေစန္ဒာသည် သူ့ရဲ့ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီးလက်တွေ့အားဖြင့်လည်း မျက်ဝါးထင်ထင် ကျွန်တော့်ကို တရားပြသွားခဲ့ပါတယ်။

ဒါ့ကြောင့် လွန်ခဲ့တဲ့(၂)နှစ်တင်းတင်းက ဘဝတစ်ပါးသို့ပြောင်းသွားလေပြီးတဲ့ ငွေစန္ဒာကိုတရားဖြင့် ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။ ငွေစန္ဒာ(၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု ချီးကျူးရင်း ကျွန်တော့်အတွေ့အကြုံကို မျှဝေလိုက်ပါတယ်။ ချစ်ရပါသော ဘလော့ဂါမောင်နှမများကိုလဲ ဆရာသမားကောင်းကို အမှီသဟဲပြုပြီး လောကီ၊ လောကုတ် နှစ်ဖြာအကျိုးများစေတဲ့ ဝိပသနာတရား ကျင့်ကြံအားထုတ်ကြပါလို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။        ။



ငွေစန္ဒာ မိသားစု



ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊ ဆရာတော်၊ ယောဂီများနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူများ (၀၁.၀၁.၂၀၁၃)


ဟတ်(ဖ်)မွန်းဘေးမြို့၊ ဓမ္မာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊  ခဏ္ဍသိမ်တော်တွင်  ရဟန်းခံပွဲ ကျင်းပစဉ် (၀၄.၀၁.၂၀၁၃)


ဟတ်(ဖ်)မွန်းဘေးမြို့၊ ဓမ္မာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊ ကျောင်းထိုင်ဆရာတော်၊ ဒုတိယဆရာတော်၊ ဟင်္သာတဆရာတော်၊ သံဃာတော်များ၊ ယောဂီများနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူများ (၀၉.၀၁.၂၀၁၃)



Friday, July 20, 2012

ငွေစန္ဒာအတွက် ရည်စူး၍ နှစ်လည် အလှူပွဲ ကျင်းပခြင်း








နှစ်လည် အထိမ်းအမှတ်အဖြစ် ၄.၇.၂၀၁၂ ရက်တွင် ဖော်ပြခဲ့သော 'ငွေစန္ဒာ (သို့မဟုတ်) စက္ကန့်တိုင်းကို စိန်စီသွားသူ' ဆောင်းပါးကို မေတ္တာဖြင့် တုန့်ပြန်ကြ သော ဘ လော့ဂါ မောင်နှမများကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောပါရ စေ။


၎.၇.၂၀၁၂ ရက်ဟာ ဗုဒ္ဓဟူးနေ့ဖြစ်လို့  နှစ်လည် အလှူပွဲ ကို တနင်္ဂငွေနေ့ဖြစ်တဲ့ ၈.၇၂၀၁၂ ရက်မှာပြုလုပ်ဖို့ ကြံစည်ခဲ့ပါတယ်။ 


သမီးငယ် ကျောင်းဆက်တက် ရန် အစ်ကိုများရှိရာ ပင် လယ် ရပ်ခြားသို့ထွက်ခွာအပြီး တာဝန်ထမ်းဆောင်နေတဲ့ နယ်မြို့သို့ ကျွန်တော် တစ်ယောက်ထဲပြောင်းရွှေ့နေထိုင် ခဲ့ပါတယ်။ အခုနေတဲ့အိမ်က သိပ်မကျယ်ပါ။ ဒီမြို့မှာနေတဲ့ မြန်မာ ဆိုလို့ ကျွန်တော် တစ်ဦးတည်းသာရှိတဲ့အတွက်  နှစ်လည် အလှူပွဲ ကိုအိမ်မှာ ပြုလုပ်ဖို့ အဆင် မ ပြေပါ။


ယမန်နှစ်က မိမိတို့နေထိုင် ခဲ့ရာ ဒုတိယမြို့တော်က နေ ၃နာရီခွဲခန့်အကြာ ကားမောင်းသွားရတဲ့ ကင်စတန်မြို့တော်သို့ မိသားစုနှင့်မိတ်ဆွေ တချို့သွားရောက်ပြီး ဓမ္မဒီပဝိဟာရ ကျောင်းတိုက်ဆရာတော်ကို လလည်ဆွမ်းကျွေး စဉ်အခါကလည်း ကင်စတန်မှာရှိတဲ့ မြန်မာမိသားစုများကို ကျောင်းသို့ မဖိတ်ကြားနိုင် ခဲ့ပါ။ ဘာလို့လဲဆိုတော့ နောက်တစ် ရက် နေအိမ်မှာ လလည်ဆွမ်းကပ်ဘုရားရှိခိုး၊ ရေစက်ချအမျှဝေပွဲ နဲ့ ငွေစန္ဒာရဲ့ အရိုးပြာကို ပင် လယ်ပြင် သို့ သွားရောက်ကြဲပက်မယ့် အခမ်းအနားကျင်းပဖို့ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။


ဒါကြောင့် နှစ်လည်ဆွမ်းကပ်ဘုရားရှိခိုး၊ ရေစက်ချအမျှဝေပွဲ အခမ်းအနားကို ကင်စတန်မြို့တော်ရှိ  ဓမ္မဒီပဝိဟာရ ကျောင်းတိုက်မှာ ကျင်းပရန် ကင်စတန်မြို့နေ မိတ်ဆွေများနဲ့ တိုင် ပင်ပြီး စီစဉ်ခဲ့ပါတယ်။


ဒီနိုင် ငံတစ်နံ၊ တစ်လျှားမှာရှိတဲ့ မြန်မာမိသားစုအားလုံးကို အီးမေး(လ်)နဲ့ရော၊ နံပါတ်သိတဲ့မိတ်ဆွေတွေကို ဖုန်းဆက်ပြီးတော့ရော မေတ္တာရှေ့ထား၍ ဖိတ်ကြားခဲ့ပါတယ်။


 နှစ်လည် အလှူပွဲ ကျင်းပရာ ဓမ္မဒီပဝိဟာရ ကျောင်းတိုက် ရဲ့ သိမ်တော်ကြီးသို့ မျှော်လင့်တာထက်ပိုပြီး ရပ်ဝေး၊ ရပ်နီးမှ မြန်မာမိသားစုအများအပြား တက်ရောက်ကြတဲ့အတွက် အထူးတလည် ဝမ်းမြောက် ဝမ်းသာ ဖြစ် ရပါတယ်။


 အလှူပွဲ နေ့နံနက်ပိုင်းမှာ သိမ်တော်ကြီးအတွင်း သီတင်းသုံးတဲ့ မြတ်စွာဘုရားထံတွင် နှစ်လည်ဆွမ်း၊ ခဲဘွယ် ဘောဇဉ် ချိုချဉ် ရသာတို့ကို ငွေစန္ဒာအား ရည်စူး၍ ကျွန်တော်က ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ မေတ္တာထား၍ ကြွရောက်လာကြတဲ့ မြန်မာမိသားစုများကို မြန်မာမုန့်ဟင်းခါး၊ သစ်သီးများ၊ အချိုရည်များ၊ ရွှေရင်အေး၊ ရွှေဖရုံသီးနနွင်းမကင်း၊ သီးစုံဖျော်ရည်တို့နဲ့ ဧည့်ခံခဲ့ပါတယ်။ 


 မွန်းလွဲချိန်မှာ ဘုရားရှိခိုး၊ ရေစက်ချအမျှဝေပွဲ အခမ်းအနားကိုကျင်းပခဲ့ပါတယ်။  အစီအစဉ်အရ ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်၍ အခမ်းအနားကိုဖွင့်လှစ်ပါတယ်။ ထို့နောက် မိတ်ဆွေဆရာဝန်ကြီးတစ်ဦးက  နှစ်လည် အလှူနဲ့ပတ်သက်တဲ့ အမှာစကား ချီးမြှင့်ပါတယ်။ ဆက်လက်၍ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဝေဂဂါထာများ ရွတ်ပွားပူဇော်ခြင်း၊ မြတ်စွာဘုရားကို သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီး ဖ ယောင်းတိုင်နှင့် အ မွှေးနံ့သာတိုင် တို့ဖြင့် လှူဒါန်း ဆက်ကပ် ပူဇော်ခြင်း၊  ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ခြင်း၊ သံဝေဂဉာဏ်ပွားများ၍ ကမ္မဋ္ဌာန်း ဘာဝနာရှုမှတ်ခြင်း၊ မေတ္တာပို့ ဆုတောင်းခြင်းး၊ ရေစက်ချအမျှဝေခြင်းစတဲ့ အလှူဒါန ကောင်းမှု ကုသိုလ်များကို ငွေစန္ဒာအား ရည်စူး၍ မိတ်ဆွေများနှင့် အတူတကွ ညီညာဖျဖျ အောင်အောင် မြင်မြင် ပြုလုပ်ခဲ့ကြပါတယ်။


 နှစ်လည် အလှူပွဲ အတွက် လိုလေ သေးမရှိအောင် စိတ်ရော၊ ကိုယ်ပါ စီစဉ်ဆောင်ရွက် ပေးခြင်း၊ လိုအပ်သည်များကို အားတက် သ ရောပါဝင် ကူညီခြင်း၊ အလှူပွဲသို့ တခဲနက် ကြွရောက်ကြပြီး ငွေစန္ဒာအား ရည်စူး၍ ငွေစန္ဒာမိသားစုနှင့် အတူ အလှူဒါနပြုခြင်း၊ သီလ ဆောက်တည်ခြင်း၊ ဘာဝနာပွားခြင်းစတဲ့ ကုသိုလ် ကောင်းမှုများပြုလုပ်၍ ငွေစန္ဒာနှင့်တကွ  ၃၁ ဘုံမှာနေထိုင်ကြတဲ့ သုခိတ၊ ဒုက္ခိတ ဝနေယျသတ္တဝါ အ ပေါင်းတို့အား အမျှပေးဝေကြခြင်းများအတွက် မြန်မာမိသားစုများကို အထူးတလည် ကျေးဇူးတင် ရပါတယ်။  ။ 



ငွေစန္ဒာ မိသားစု

Thursday, July 5, 2012

ငွေစန္ဒာ (သို့မဟုတ်) စက္ကန့်တိုင်းကို စိန်စီသွားသူ


(ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားသည်မှာ ၄ .၇.၂၀၁၂ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ပါသည်။ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ငွေစန္ဒာအတွက် ဂုဏ်ပြုဆောင်းပါးကိုဖော်ပြလိုက်ပါသည်။) 

ငွေစန္ဒာ အ ကြောင်းကိုစိတ်ထဲမှာရေးမိနေတာကြာပြီဖြစ်ပါတယ်။ လက်တွေ့အားဖြင့် တော်တော်နဲ့မ ရေးဖြစ်ခဲ့ပါ။ 'ကိုယ့်ကိုကိုယ်ဖော်၊ မသူတော်' ဖြစ်မှာစိုး၍ ရေးရမှာလက်တွန့်နေခဲ့ပါတယ်။ မည်သို့ဆိုစေ တစ်နှစ်ပြည့်အစီအစဉ်အဖြစ် ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် မျှဝေလိုက်ပါတယ်။

 ငွေစန္ဒာကိုယ်တိုင် ၂၀၁၀ခုနှစ်၊ နိုဝင် ဘာလ၊ ၁၉ - ရက်နေ့က ရေးသားဖော်ပြခဲ့တဲ့ 'သူမနဲ့ကင် ဆာရောဂါ' ဆောင်းပါးအဆက်လို့လဲပြောလို့ရပါတယ်။ ငွေစန္ဒာရဲ့ ဆောင်းပါးထဲမှာတင်ပြထားသလို သူမဟာ ဝီပဿနာတရားကိုတတ်နိုင် သ ရွေ့ပွားများခဲ့ပါတော့တယ်။ ထိုသို့ စတင် ပွားများမှုမပြုခင် တရားကိုဘယ်လိုမှတ် ရမလဲလို့ ခင် ပွန်းဖြစ်သူ ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်လဲ မိုးကုတ်ဝိပဿနာ တရားတွေကို နာကြားခဲ့ ၊ အချိန်ပိုင်းတရားထိုင် ခဲ့တဲ့အ တွေ့အကြုံ ၊ မြန်မာပြည်မှာ နေခဲ့စဉ်က ရိပ်သာ နှစ်ခုမှာ ရက်ပိုင်းဝင်ပြီး တရားအားထုတ်ခဲ့တဲ့အ တွေ့အကြုံကိုအ ခြေခံပြီး ရှင်းပြခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်  ကျွန်တော်ကစာတွေ့ကိုအ ခြေခံပြီး ရှင်းပြခဲ့တာပါ။

 ငွေစန္ဒာရေးသားခဲ့သလို သူမဟာအွန်လိုင်းက နေ ဆရာတော်ပေါင်းစုံရဲ့ ဝိပဿနာတရားတော်တွေကို နာယူပါတယ်။ ဆရာတော်တွေရဲ့  ဝိပဿနာတရားစာအုပ်တွေကိုလဲဖတ်တယ်။ သူမဟာ ဘုရားစင်ရှေ့မှာထိုင်ပြီး တရားမမှတ်နိုင် ရှာဘူး။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အဆင်ပြေတဲ့နည်းနဲ့ဘဲ တရားရှုမှတ်တယ်။ ဆက်တီခုံမှာထိုင် ရင်းရှုမှတ်တာများတယ်။ နောက်ပိုင်းမှာ မိုးကုတ်ဆရာတော် ဦးဃောသိတရဲ့ ဝိပဿနာ တရားတွေကို အဖန်တလဲလဲ ကြားနာရင်း  မိုးကုတ်ဝိပဿနာ နည်းနဲ့ တရားရှုမှတ်ပါတယ်။
ညစာ စားချိန်မှာ သူမရဲ့တရားရှုမှတ်တဲ့အ တွေ့အကြုံတွေကို ကျွန်တော့်ကိုရှင်းပြတယ်။ 'ကာလေန ၊ ဓမ္မသာကစ္ဆ္ဆာ' ဆိုတဲ့မင်္ဂလာတရားတော်နဲ့အညီ တရားဆွေးနွေးဖြစ်တယ်။ ရှင်းရှင်းပြောရရင် အစပိုင်းမှာ ကျွန်တော်က ဆရာ ယောင်ယောင် လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်ကတပည့်ဖြစ်သွားပါတယ်။ ကျွန်တော်က စာတွေ့အရ အသိများသလို ရှိခဲ့ပေမယ့် လက်တွေ့ကျင့်ကြံ အားထုတ်မှုအပိုင်းမှာ သူမကများစွာသာလွန်ပြီးအ တော်အတန် ခရီးပေါက်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
သာဓကအားဖြင့်  ငွေစန္ဒာတင်ပြခဲ့သလို ပြင်းထန်ဆိုးရွားတဲ့ ကီမိုရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် တစ်ကိုယ်လုံး အထူးသဖြင့် အဆစ်တွေ အလွန်နာပါတယ်။ယုတ်စွအဆုံး လျှာနဲ့သွားတွေတောင် နာပါတယ်။ ကျွန်တော်လဲ သူမအတွက် အားပြင်းတဲ့ မော်ဖိန်းလို အကိုက်အခဲ ပျောက်ဆေးနဲ့အတူ အခြား အကိုက်အခဲ ပျောက်ဆေး ၊ ထိုးဆေးမျိုးစုံဆောင် ထားပါတယ်။ ပထမပိုင်း ကီမိုသွင်းခါစမှာတော့ အကိုက်အခဲပျောက်ဆေးထိုးပေးရတာတို့ ၊  အကိုက်အခဲပျောက်ဆေး သောက်စေတာတို့လုပ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် မှာ ငွေစန္ဒာဟာ ဘာ အကိုက်အခဲ ပျောက်ဆေးကိုမှ အထိုးမခံတော့ပါဘူး။ ဘယ်အကိုက်အခဲ ပျောက်ဆေးကိုမှလဲမ သောက်တော့ပါဘူး။ သူမဟာ ရုပ်တရားနဲ့ နာမ်တရားကို ဉာဏ်နဲ့ခွဲခြားသိမြင်ပြီး ဝေဒနာရဲ့အပျက်ကို ရှုမှတ်ခြင်းအားဖြင့်  အကိုက်အခဲ ပျောက်ဆေး အလုံးစုံကိုပယ်လိုက်ပါတယ်။ 

ကျွန်တော့်မှာ Cervical Spondylosis ဆိုတဲ့လည်ပင်းနာရောဂါရှိတော့ အကိုက်အခဲ ပျောက်ဆေးမကြာ၊ မကြာသောက် ရတယ်။ တစ်ခါက ဆေးသောက်ပါလျက်နဲ့ မခံရပ်နိုင်အောင် လည်ပင်းနာလာတော့ ဇနီးသည်က ကျွန်တော့်ကို ဘုရားစင်ရှေ့မှာထိုင် ခိုင်းပြီး သူမ ပြောတဲ့ နည်းအတိုင်း ရှုမှတ်ခိုင်းပါတယ်။ ကျွန်တော်လဲ ဒီတော့မှ ရုပ်နဲ့နာမ်ကို ခွဲခြားသိမြင်နိုင် ခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာမှာပဲ လည်ပင်းနာတဲ့ ဝေဒနာဟာယူပစ်သလို ပျောက်သွားပါတယ်။ နောက်ပိုင်းလဲ လည်ပင်းနာတာ သိပ်မခံစားရ တော့ပါ။  လည်ပင်းကိုထိန်းတဲ့ collar လည်းမတတ် ရ တော့ပါ။ ဒီအကျိုးတရားအတွက် ဇနီးကို အထူးကျေးဇူးတင် မိပါတယ်။ မြတ်စွာဘုရားရဲ့တရားဂုဏ်တော်အတိုင်း လက်တွေ့ ဒိဋ္ဌချက် ခြင်းအကျိုးပေးပါတယ်။


ဒါနဲ့ပဲ ကင် ဆာအထူးကု ဆရာဝန်ကြီးရဲ့ ကုသမှု အစီအစဉ်အရ တစ်နှစ်အတွင်းမှာ ကီမိုအမျိုးအစား တစ်မျိုးကို ခြောက်ကြိမ်စီနဲ့ သုံးမျိုး ဆယ့်ရှစ်ကြိမ် သွင်းပြီး မာကျောတဲ့ သူမရဲ့စိတ်ဓာတ်၊ ဝိပဿနာတရားပွားများအားထုတ်မှုရဲ့ အကျိုးကျေးဇူးတွေကြောင့် အဆုတ်နဲ့အသည်းမှာတင် မက ကျောရိုးမှာပါကင်ဆာနဲ့ ပတ်သက်လို့ဘာမှမ တွေ့ရ တော့ပါ။ ကျွန်တော်နဲ့မိသားစု၊ နှစ်ဘက်ဆွေမျိုးများ၊ သူမကိုကုသ ပေးနေတဲ့ ဆရာဝန်တွေနဲ့ မိတ်ဆွေတွေအားလုံး အံ့ဩဝမ်းသာကြတယ်။

ဆက်လက်ပြီး ကင် ဆာအထူးကု ဆရာဝန်ကြီးနဲ့ ပုံမှန်ပြ၊ ပုံမှန်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

လအနည်းငယ်အကြာ စီတီစကင်(န်) အဖြေအရ အဆုတ်နဲ့ ကျောရိုးမှာကင် ဆာဆဲ(လ်) ပြန်လည် ပြန့်နကြောင်း ဝမ်းနည်းစွာသိခဲ့ရပြန်ပါတယ်။ ကျွန်တော်နဲ့မိတ်ဆွေ ဆရာဝန်များကလည်း သူမကို အားပေးကြပါတယ်။ နိုင် ငံရပ်ခြား မှာဆိုတော့ ဆွေမျိုးတွေနဲ့ဝေးနေ ပေမယ့် ဒီမှာရှိတဲ့ မြန်မာမိသားစုများက သူမရဲ့ သူမတူတဲ့ စေတနာ ကောင်းမှုကြောင့်လည်း ဆွေမျိုးရင်းချာပမာ နည်းမျိုးစုံနဲ့ အားပေးကူညီကြလို့ အထူးကျေးဇူးတင် ရပါတယ်။ ကာယကံရှင် ငွေစန္ဒာ ကိုယ်တိုင် ကလည်း စိတ်ဓာတ်လုံးဝမကျဘဲ ကြံ့ကြံ့ခံပြီး ဆက်လက် ဆေးကုသမှုခံယူဘို့ပြင် ဆင် ထားပါတယ်။

ဒါနဲ့ကျောရိုးကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ခံယူခဲ့ရပါတယ်။ ပြီးတော့ ကီမိုအမျိုးအစား နောက်ထပ် တစ်မျိုးနဲ့ သုံးကြိမ်ဆေးသွင်းကုသမှုကို ခံယူခဲ့ရပါတယ်။ စုစုပေါင်း ကီမိုအမျိုးအစား လေးမျိုးကို နှစ်ဆယ့်တစ်ကြိမ် သွင်းခဲ့ရတာပါ။ 

ဒီလိုကြံ့ကြံ့ခံ ဆေးကုသမှုခံယူနေတဲ့ ကြားထဲကဘဲ မခံမရပ်နိုင်အောင် ခေါင်းတွေထိုးကိုက်ပြီး အော့အန်လာလို့ ဦးနှောက်ကို စီတီစကင်(န်) ရိုက်ကြည့်တော့ ဦးနှောက်ကိုပါ ကင် ဆာဆဲလ်တွေ ပြန့်နကြောင်း ပို၍ဝမ်းနည်းဖွယ် ရာသိခဲ့ရပါတယ်။ ဒါနဲ့ပဲ ဦးနှောက်ကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ဆက်လက်ခံယူခဲ့ပါတယ်။

 ငွေစန္ဒာဟာဆိုးရွားပြင်းထန်တဲ့ကင် ဆာရောဂါခံစားခဲ့ရ ပေမယ့် လူနာလိုမ နေခဲ့ပါ။ မိသားစုကို ဒုက္ခမ ပေးပါ။ တတ်နိုင် သ ရွေ့ ကိုယ့်အားကိုယ်ကိုးပြီးတော့သာနေခဲ့ပါတယ်။ ကင် ဆာရောဂါ နောက်ဆုံးအဆင့် ရောက်လို့ ကိုယ်တိုင် လမ်းမ လျှောက်နိုင် မှဘဲ သူတစ်ပါးအကူအညီကို ယူခဲ့ပါတယ်။

ဒီလို ဝေဒနာပြင်းထန်စွာ ခံစားနေရ ပေမယ့် ငွေစန္ဒာရဲ့ မျက်နှာဟာဝေဒနာ ခံစားရတဲ့ အရိပ်အ ယောင် တစိုးတစိမျှ  မ တွေ့ရဘဲ တကယ့်ကို ကြည်လင် ဝင်းပ နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ဒီအ ကြောင်းကို မြန်မာပြည်က သူမရဲ့ ဖခင် နဲ့ ညီအစ် မ တွေကို ဖုန်းဆက် ရင်းပြောတော့ သူမက ဒီလိုမ ပြောဘို့တားမြစ်ပါတယ်။ 

သူမရဲ့ မျက်နှာလေးဟာ ကြည်ကြည် င်လလင် ရွှင်ရွှင် ပျပျဘဲဆိုတော့ ကျွန်တော်တို့လဲ စိတ်ကြည်လင်အေးချမ်းမှု ကူးစက်ခံရပြီး စိတ်သက်သာမှုရခဲ့ပါတယ်။ ဒီနည်းအားဖြင့် ငွေစန္ဒာဟာ မိသားစုနဲ့ ပတ်ဝန်းကျင် ကိုအကျိုးပြု သွားပါတယ်။ အခုလဲ ကျွန်တော့်အ နေနဲ့ စိတ်ညစ်၊ စိတ်ရှုပ်စရာတွေ ရှိရင် ငွေစန္ဒာရဲ့ မျက်နှာ ကြည်ကြည် င်လလင် လေးကိုမြင်ယောင် လိုက်တဲ့အခါ  ကျွန်တော့်ရဲ့ စိတ်တွေလဲ ကြည်င်လ အေးချမ်း သွားရပါတယ်။

 ငွေစန္ဒာရဲ့ ဂုဏ်ကျေးဇူးတွေဟာ မိသားစုအ ပေါ် မ ဖော်ပြနိုင်လောက်အောင် များပြားပါတယ်။ ကျွန်တော့်အ နေနဲ့ ပြည့်စုံကုံလုံအောင် ဖော်ပြခြင်းငှါမစွမ်းပါ။

မိတ်ဆွေ ဆရာဝန်တစ်ဦးနဲ့ သင်္ကြန်ပွဲမှာ ဆုံတုန်းကလည်း ' ဆရာ့ကို ခုမှပြောဖြစ်တာ၊ ဆရာ့ဇနီးဆုံးတုန်းက မျက်နှာလေးက ပြုံးနေတာတွေ့ရတယ်။ ဘဝကူး ကောင်းမှာ သေချာတယ်။ '  လို့ပြောပါတယ်။ ကျွန်တော်ကလည်း သူကောက်ချက်ချတာကိုလက်ခံပါတယ်။ 

ဇနီးသည်ဟာ ဘဝတစ်ပါးသို့ ရောက်ရှိနေ ပေမယ့် ကျွန်တော်တို့ကို စိတ်ကြည်လင် အေးချမ်းမှု ပေးနေခြင်းအားဖြင့် အကျိုးပြုနေပါတယ်။ ဒီအတွက်လည်း ဇနီးသည်ကို ကျေးဇူးအခါခါတင် မိပါတယ်။

 ငွေစန္ဒာဟာ ရောဂါ ပြင်းထန်စွာ ခံစားခဲ့ရပေမယ့် အချိန်မဖြုန်းဘဲ စက္ကန့်တိုင်း စက္ကန့်တိုင်းကို တန်ဘိုးရှိတဲ့ စိန်တွေစီသွားသည့် အလား မပြတ်သော တရားအမှတ်နဲ့ သတိကပ် ရင်း ဝေဒနာကိုခွာကာ အပျက်ကို မြင်အောင်ရှုနိုင် ခဲ့တဲ့အတွက် အထူးတလည် မျက်နှာကြည်င်လ ဝင်းပစွာနဲ့ ဘဝတစ်ပါးသို့ ပြောင်းသွားနိုင် ခဲ့တယ်ဆိုတာ လုံးဝ ယုံကြည် ပါတယ်။ 

တကယ်တော့ ငွေစန္ဒာဟာ  စက္ကန့်တိုင်းကို တန်ဘိုးရှိစွာ စိန်စီသွားနိုင် သူဖြစ်ပါတယ်။

၎. ဇူလိုင်. ၂၀၁၂ ၊ ဗုဒ္ဓဟူးနေ့

ငွေစန္ဒာ မိသားစု

Tuesday, January 10, 2012

ငွေစန္ဒာ ၆ လပြည့် အမှတ်တရ

 ငွေစန္ဒာသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၄ရက်နေ့က ဘဝတစ်ပါးသို့ပြောင်းသွားရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၄ရက်နေ့က ၆လပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ 

ငွေစန္ဒာကိုအောက်မေ့ တသ၊ သတိရသောအားဖြင့် ငွေစန္ဒာကိုယ်တိုင် ရေးသားခဲ့ပြီး ဘလော့အပေါ် မတင်ဖြစ်ခဲ့သော ဆောင်းပါးတပုဒ်ကို ကျန်ရစ်သူ မိသားစုက ဖော်ပြလိုက်ပါသည်။
  
အိမ်နောက်ဖေးကကြောင်လေးများ

တနေ့ကျမအသံတခုကြားရတယ်၊နှာချေသံပေါ့၊ဟတ်ချိုး၊ဟတ်ချိုးဆိုပြီးတော့။ ကျမလန့်သွားခဲ့တယ်။
သံတံခါးနှစ်ထပ်ပိတ်ထားရဲ့နဲ့အိမ်ရှေ့ဝရန်တာကိုလူဘယ်လိုဝင်လာပါလိမ့်ပေါ့။ ကြောက်ကြောက်နဲ
့
 ချောင်းကြည့်တော့လူမဟုတ်ဘူး၊ကြောင်လေးတကောင်ဖြစ်နေတယ်လေ။အဆက်မပြတ်ကိုနှာချေနေတာ။
အဲဒီနေ့ကစပြီးသူတို့နဲကျမမိတ်ဆွေဖြစ်သွားခဲ့တာ၊ခုထိပေါ့။သူတို့ဆိုတာကြောင်ကလေးသုံးကောင်ပေါ့၊
တကောင်ကတကိုယ်လုံးမဲနေတဲ့ကြောင်မဲမလေး၊နောက်နှစ်ကောင်ကအယ်ဘီးနိုးဖြူစုတ်စုတ်ကြောင်ကလေး
 တွေ၊သုံးကောင်လုံးရုပ်ဆိုးလေးတွေ၊ကျမဒီအိမ်ကိုမရောက်ခင်ကတည်းကသူတို့လေးတွေဒီအိမ်မှာရှိနေခဲ့တာ။
ဘယ်သူမွေးထားတယ်ဆိုတာတော့မသိဘူး။
ကြောင်ဖြူလေးနှစ်ကောင်ကညောင်ညောင်လို့မအော်တတ်ဘူးမျက်စေ့ကလည်းသိပ်မြင်ရပုံမပေါ်ဘူး။
ဒါပေမဲ့နှာချေ၊ချောင်းဆိုး၊အီးပေါက်တာတော့လူအတိုင်းပဲ။ကျမအဲလိုကြောင်မျိုးခုမှတွေ့ဘူးတာ။
ကြောင်မဲမလေးကျတော့တမျိုးသူကိုယ်ဝန်ဆောင်တာတွေ့တာသုံးခါရှိပြီ။ဒါပေမဲ့ကြောင်ကလေးတွေ
တကောင်မှမတွေ့လိုက် ရဘူး။ဘယ်နားမွေးပြီး၊ဘယ်ရောက်သွားမှန်းမသိဘူး။ 
သုံးကောင်လုံးကချစ်စရာလုံးဝမကောင်းပါဘူးရုပ်ဆိုးလေးတွေ၊သမီးလေးကကြောင်ဆိုမကြိုက်တော့
အိမ်ထဲအဝင်မခံပေမဲ့၊ကျမကသူတို့ကိုသနားလို့နေ့တိုင်းတနေ့ကိုသုံးခါ ကျွေးနေတော့ခုဆိုသူတို့က 
နောက်ဖေးဝရန်တာလေးမှာပဲနေတော့တယ်။ဗိုက်ဆာရင်ကြောင်မဲမလေးကတညှောင်ညှောင်နဲ့ပေါ့။
ဟိုနှစ်ကောင်ကမအော်တတ်ဘူးလေ။သူတို့ကထမင်းလည်းမစားတတ်ဘူး။ထမင်းနဲ့ဟင်းနယ်ကျွေးရင်
ထမင်းတွေချန်ခဲ့တယ်။ပေါင်မုန့်နဲ့ဟင်းဆိုရင်တော့ကုန်အောင်စားတယ်။ဈေးဝယ်ရင်သူတို့အတွက်ပါ ငါးသေတ္တာဘူးတွေနဲ့ပေါင်မုန့်တွေဝယ်ထားရတယ်။ခုတခါကြောင်ဖြူမလေးတကောင်နဲ့ကြောင်မဲမလေးက
ဗိုက်ကြီးနေပြန်ပါရောလား။တနေ့မှာလုံခြုံရေးအဖိုးကြီးကိုကျမကမေးကြည့်တယ်။ကြောင်ကလေးတွေ
ခဏခဏဗိုက်ကြီးပြီးသူတို့မွေးတဲ့ခလေးတွေဘယ်ရောက်သွားလဲဆိုတော့၊ညညဆိုနောက်ဖက်ခြံကခွေးတွေ
ဝင်ပြီးလာစားသွားတာတဲ့။ကျမတော်တော်စိတ်မကောင်းဖြစ်သွားတယ်။အဲလိုနဲ့သူတို့မွေးရင်ခွေးရန်
ကလွတ်အောင်၊အိမ်မှာပဲမွေးရင်ကောင်းမှာပဲဆိုပြီးနောက်ဖေးဝရန်တာမှာဇလုံကြီးကြီးထဲအဝတ်ခင်းပြီးချ
ထားပေးလိုက်တယ်။ငွေစန္ဒာတို့ကိုယ့်ဟာကိုယ်အလုပ်ရှုပ်နေရတဲ့အထဲ ကြောင်သားဖွါးခန်းဖွင့်လိုက်တာပေါ့။
မကြာပါဘူးကြောင်နက်မလေးကကြောင်လေး၃ကောင် မွေးပါတယ်။အိမ်နောက်ဖေးဝရန်တာကိုခွေးကမဝင်နိုင်
ဘူးဆိုတော့၊သူတို့သားအမိတွေအတွက်စိတ်ချနေတာပေါ့နော်။တညမှာတော့ကြောင်နက်မလေးရဲ့အော်သံနဲ့
 ကြောင်တွေရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေကြားလိုက်တယ်။ခါတိုင်းလည်းကြောင်တွေကတခါတရံအဲလို
ပဲကိုက်နေကြတာဆိုတော့ထမကြည့်လိုက်မိဘူး။မနက်မှကြည့်လိုက်တော့ကြောင်လေးတစ်ကောင်ကိုစား
ထားတဲ့အပိုင်းအစတွေပဲတွေ့ရတယ်။ကျန်တဲ့ကြောင်လေး၂ကောင်ကိုတော့သူ့အမေကချောင်လေးထဲမှာဖွက်
ထားတယ်။

 ဆောင်းပါးအဆက် (ငွေစန္ဒာ မိသားစု) 

ကျန်တဲ့ကြောင်လေးနှစ်ကောင်ကိုအန္တရာယ်ကင်းစွာကြီးပြင်းအောင်ဆက်လက်ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ 
တကောင်က အနက်ရောင်၊ ကျန်တကောင်က မီးခိုးရောင်လေးပါ။ 
ငွေစန္ဒာ မကျန်းမာစဉ်အခါကလည်း နေ့ဖက်အိမ်မှာတယောက်ထဲကျန်ခဲ့စဉ် ကြောင်လေးတွေကသူမကို
အဖော်လုပ်ပေးခဲ့ပါတယ်။ 
ကြောင်လေးတွေ ပြေးလွှားဆော့ကစားတတ်တဲ့ အချိန်မှာ ကြောင်နက်ကလေးပျောက်သွားပါတော့တယ်။
နောက်မှ အိမ်ရှေ့ကားလမ်းမှာ ကားကြိတ်လို့ သေသွားတယ်ဆိုတာ အိမ်လာလည်နေကျသူငယ်ချင်း ဆရာဝန်မ ပြောလို့သိလိုက်ရတော့ အတော် စိတ်မကောင်းဖြစ်သွားရတယ်။
မရှေးမနှောင်းမှာဘဲ နည်းနည်းအိုနေတဲ့ ကြောင်ဖြူမ တကောင်ကို ခွေးတွေဝိုင်းကိုက်ပြီးစားပြစ် လိုက်ပါ ရောလား။ ငွေစန္ဒာ မိသားစုလည်း ဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
မကြာခင်မှာဘဲကျန်တဲ့ ကြောင်ဖြူမကတစ်နေရာမှာ ကြောင်လေးတွေမွေးပြီးလမ်းလျှောက် နိုင်တဲ့အရွယ်
မှာ သူ့ကလေးတစ်ကောင်ကိုခေါ်လာခဲ့လို့ ဒီနေ့အထိ ကြောင်နက်မသားအမိနဲ့  ကြောင်ဖြူမသားအမိတို့ကို တစ်နေ့သုံးကြိမ် စေတနာသန့်သန့်နဲ့ ကျွေးမွေးနေပါတယ်။
ကြောင်တွေကိုအစာကျွေးတဲ့အခါတိုင်း ငွေစန္ဒာ မှာကြားသွားသလို 'သတ္တဝါများ အဟာရနှင့်ပတ်သက်၍ ဆင်းရဲခြင်းမှ ကင်းဝေးရပါလို၏။' လို့ နှစ်နှစ်ကာကာဆုတောင်းပေးပါတယ်။
ငွေစန္ဒာတို့ မိသားစုလဲတူသောအကျိုးကိုခံစားရပါတယ်။ အစာအဟာရနဲ့ပတ်သက်လို့ပူပင်ကြောင့်ကြစရာမလိုဘဲအမြဲ ပြည့်စုံခဲ့ပါတယ်။
မိသားစုအပေါ်ကျေးဇူးကြီးမားခဲ့သော ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် ငွေစန္ဒာရဲ့
"အိမ်နောက်ဖေးကကြောင်လေးများ" ဆောင်းပါးအဆက်ကိုတင်ပြလိုက်ရပါတယ်။










 

Monday, August 29, 2011

ကောင်းမှုကုသိုလ်များကိုရေစက်ချအမျှပေးဝေခြင်း






၂၀၁၁ ခုနှစ် ၊ ဇူလှိုင်လ ၊ ၄ရက် တနလာင်္နေ့က ဘဝတစ်ပါးသို့ကူးပြောင်းသွားသော ငွေစန္ဒာအတွက် ရည်စူး၍ ရက်လည် ဆွမ်းကျွေး တရားနာ ၊ ရေစက်ချ အမျှဝေပွဲ အခမ်းအနားကို ဇူလှိုင်လ ၊ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

တစ်ဖန် လလည် ဆွမ်းကျွေး တရားနာ ၊  ရေစက်ချအမျှဝေပွဲ အခမ်းအနားများကို ၂၀၁၁ ခုနှစ် ၊ သြဂုတ်လ ၊ ၁၃ ရက်နေ့ နှင့် သြဂုတ်လ ၊ ၁၄ ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။

တစ်ဆက်တည်း မွေးသမိခင်ကျေးဇူးရှင် ၏ ကြွင်းကျန်ရစ်သော အရိုးပြာကို သား ၊ သမီးတို့က ဝန်ချတောင်းပန်ကန်တော့ကြပါသည်။

ဆက်လက်၍  ငွေစန္ဒာ၏ အရိုးပြာကို ကျန်ရစ်သူမိသားစုက မိတ်ဆွေသင်္ဂဟ အပေါင်းတို့နှင့်အတူ ပင်လယ်ပြင်သို့ သွားရောက်၍ ကြဲပက်ခဲ့ကြပါသည်။

မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲပါကြောင်း ပြောကြားကာ အကြံဉာဏ်ပေး ၊ အားပေး ၊ ဆုတောင်း ၊ အမျှဝေပေးမှုများ ပြုခဲ့ကြသော ဘလော့ဂါ မောင်နှမ အပေါင်းတို့အား ထပ်မံ၍ လှိုက်လှဲစွာ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။

 

ကျန်ရစ်သူ မိသားစု



Monday, July 18, 2011

ကျေးဇူးအထူးတင်ရှိပါသည်

ငွေစန္ဒာသည် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါကြောင်း ဝမ်းနည်းစွာအသိပေးပြီးနောက်မိတ်ကောင်းဆွေကောင်း များဖြစ်ကြသည့်ဘလော့ဂါမောင်နှမများ၏ အားပေးနှစ်သိမ့် ၊ ဆုတောင်း ၊ အမျှဝေပေးမှုများကိုတုန့်ပြန်ရရှိသည့် အတွက် ကျန်ရစ်သူ မိသားစုဝင်များအားငယ်နေချိန်တွင်များစွာအားတက်ရပါသည်။
ထိုသို့သတင်းစကားများပေးပို့ကြသောညီအစ်ကိုမောင်နှမများကိုကျန်ရစ်သူမိသားစုမှလှိုက်လှိုက်လှဲလှဲ
ကျေးဇူးဥပကာရ တင်ရှိပါသည်။
အစ်မကိုမမြင်ဖူး၍ဓာတ်ပုံတင်ပေးပါရန်အကြံပေးသောညီမတစ်ဦး၏တိုက်တွန်းချက်အရ ငွေစန္ဒာ၏ သရဏဂုံတင်အခမ်းအနားတွင်ဖြန့်ဝေခဲ့သော Programme Flyer ကိုဖော်ပြလိုက်ပါသည်။


ကျန်ရစ်သူ မိသားစု