Thursday, August 14, 2014

ငွေစန္ဒာ(၃)နှစ်ပြည့် ကောင်းမှု ကုသိုလ် ပြု ပွဲ

ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရ ဆရာတော်ကို အရုဏ်ဆွမ်းကပ်လှူနေတာပါ။ 



မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ  

ဆရာတော်ထံမှ တရားတော်ကို တလေးတစား နာယူနေကြ။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
                                   
အားဆေးနဲ့ ဓမ္မာရုံဆောက်လုပ်ရန် အလှူတော်ငွေ ဆက်ကပ်

နဝကမ္မအလှူတော်ငွေ ဆက်ကပ်လှူဒါန်း 

ငွေစန္ဒာ ဘဝတစ်ပါး ပြောင်းသွားတာ ၄.၇.၁၄ ရက်မှာ (၃)နှစ်ပြည့် သွားပြီဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ငွေစန္ဒာ အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြု ပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ၊ ဖရီးမောင့်မြို့မှာရှိတဲ့ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာမှာပြု လုပ်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ဆရာဘုန်းကြီးဖြစ်သူ  မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ မြန်မာနိုင်ငံက ပြန်ရောက်မယ့်အချိန်နဲ့ ကျွန်တော့်သား၊ သမီးများနေထိုင်ရာ ဆန်ဖရန်စစ္စကို ဗေးဧရိယာ ဒေးလီးစီးတီးသို့ သွားလည်ချိန်တိုက်ဆိုင်ပြီး ဒီပွဲလေးဖြစ်အောင် (၁)လခန့်ထဲက ကြိုတင် စီစဉ်ခဲ့ပါတယ်။

ကျွန်တော်လဲအလုပ်က အားလပ်ခွင့် (၁၀)ရက်ယူပြီး ၂၉.၆.၁၄ ရက်နေ့လည်မှာ ဂျမေကာနိုင်ငံ၊ မွန်တီကိုဘေးမြို့က ထွက်လာခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒေသစံတော်ချိန်အရ ၂၉ ရက်ညမှာပဲ ရောက်ရှိခဲ့ပါတယ်။ သားငယ်ကလေဆိပ်ထဲကို လာကြိုပါတယ်။ သားကြီးနဲ့ သမီးငယ်က ကားနဲ့လေဆိပ်အပြင်ဘက်မှာ လာကြိုပါတယ်။

ရောက်ပြီးနောက်တစ်ရက်မှာပဲ ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်း ကဦးဇင်း ဦးသီရိဝံသထံ ဖုန်းဆက်ပြီးရောက်ရှိကြောင်း၊ ၄.၇.၁၄ ရက်မှာ အရုဏ်ဆွမ်းကပ်မယ့်အကြောင်းနဲ့ ဝါဆိုသင်္ကန်းပါ ကပ်မယ့်အကြောင်း အတည်ပြု လျှောက်ထားပါတယ်။

အရုဏ်ဆွမ်းကပ်ဖို့အတွက် ဟေးဝပ်မြို့နေ မိတ်ဆွေ ဒေါ်မာဂရက်လင်းကို အကူအညီတောင်းတော့ ဝမ်းသာစွာနဲ့ လက်ခံလို့ ကြာဆံကြော်နဲ့ အရုဏ်ဆွမ်းကပ်ဖို့ စီစဉ်ကြပါတယ်။

ဆရာတော် ၁.၇.၁၄ ရက်ကပြန်ရောက်ရှိပြီး နောက်တစ်ရက်မှာ ဆရာတော့်ထံဖုန်းဆက်ပြီး အရုဏ်ဆွမ်းကပ်ဖို့နဲ့ ဝါဆိုသင်္ကန်းကပ်ဖို့ အစီအစဉ်တွေကို ထပ်မံလျှောက်ထားပါတယ်။

ဒါနဲ့ဆရာတော့် အစီအစဉ်အတိုင်း ကျွန်တော်၊ သားကြီး၊ သားငယ်နဲ့ သမီးငယ်လေးတို့ ဒေးလီးစီးတီးကနေ  ဖရီးမောင့်မြို့ကို ၃.၇.၁၄ ရက်ညထဲက သွားကြပါတယ်။သားကြီးရဲ့ကားနဲ့သွားကြတာ မိနစ်(၅၀)ကျော်လောက် ကြာတော့ ဖရီးမောင့် မေတ္တာနန္ဒကျောင်း ကိုရောက်ရှိပါတယ်။ ကျောင်းရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်ကနေ ရောက်ရှိပြီး ခေတ္တ သီတင်းသုံးနေတဲ့ ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ (တောင်စွန်း) ကိုဖူးတွေ့ရပါတယ်။ မေတ္တာနန္ဒဆရာတော်ကို ကန်တော့ပြီး ကျွန်တော်တို့မိသားစု ကျောင်းမှာပဲ တစ်ညအိပ် တည်းခိုကြပါတယ်။

၎.၇.၁၄ ရက်သောကြာနေ့ နံနက်(၆)နာရီမှာ မိတ်ဆွေ ဒေါ်မာဂရက်လင်းစီစဉ်ပေးတဲ့ ကြာဆံကြော်အရုဏ်ဆွမ်း၊ သစ်သီး ခဲဘွယ် ဘောဇဉ်တို့နဲ့ ဓမ္မဘေရီ ဆရာတော် အပါအဝင် သံဃာတော်(၄)ပါးကို လှူဒါန်းဆက်ကပ်ခဲ့ပါတယ်။

နံနက်(၇)နာရီခန့်မှာ မေတ္တာနန္ဒဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပါတယ်။ ဆရာတော်က သားသမီးများကို အဓိကထားပြီး အောက်ပါအတိုင်း တရားချီးမြှင့်ပါတယ်။

အမေနဲ့ပတ်သက်ပြီး ကုသိုလ်ကောင်းမှုလုပ်တဲ့ပွဲဖြစ်တယ်။ ဒီအသက်အရွယ်ရောက်အောင် မိဘကစောင့်ရှောက်တယ်။ ဒီ သား၊ သမီးတွေမပျက်စီးအောင်၊ တိုးတက်ကြီးပွားအောင် မိဘက စောင့်ရှောက်ပြုစုတယ်။

သေချာစဉ်းစား ဘို့လိုတယ်။ အရှေ့တိုင်းက သာတဲ့အချက်တွေရှိသလို အနောက်တိုင်းက သာတဲ့အချက်တွေလဲရှိတယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းက ကောင်းတာတွေယူဘို့လိုတယ်။

အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ မိဘများက သားသမီးတွေ အသိဉာဏ်ပညာရှိအောင် အနစ်နာခံ စောင့်ရှောက်တယ်။

သား၊ သမီးကလဲ မိဘ သေပြီးသွားရင်လဲ  စောင့်ရှောက်ရမယ်။ ဘယ်မှာကုသိုလ်လုပ်လုပ်၊ ပြီးရင် share လုပ်ရမယ်။

ဘုန်းကြီးတို့ အယူအဆအရ သေရင်လောဘမကုန်သရွေ့ တဏှာရှိတဲ့အတွက် ဘဝတစ်ခုခုကို ရောက်မယ်။ ဝတ္တရားရှိလို့ ကုသိုလ်လုပ်၊ အမျှပေးဝေပေမယ့် သာဓုခေါ်ချင်မှ ခေါ်နိုင်မယ်။ ဘာပဲဖြစ်ဖြစ် တာဝန်ဝတ္တရားကျေအောင် ကောင်းမှုကို ဘယ်နေရာမှာလုပ်လုပ်၊ ကုသိုလ်ကို အမျှပေးဝေလို့ သာဓုခေါ်နိုင်တဲ့ ဘဝဆိုရင် သာဓုခေါ်ပြီး ကောင်းကျိုး ချမ်းသာဖြစ်မယ်။

ဒါပေမယ့် မသေခင် ကုသိုလ်လုပ်ထားတာက အသေချာဆုံးဖြစ်တယ်။ သေပြီး သား၊ သမီးနဲ့ ကျန်ရစ်သူက ကုသိုလ်လုပ် အမျှပေးဝေရင်လဲ ရဘို့မသေချာဘူး။

အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားရှာတယ်။ အမေတစ်ယောက်ထဲ မဟုတ်ဘူး။ အကုန်လုံး ဒီလမ်းခရီးသွားရမယ်။ မွေးပြီးရင်သေရမယ်။ ဖြစ်ပြီးရင်ပျက်မယ်။ အရွယ်ရရင် ပိုပြီးသိလာမယ်။ အမေသေသလို ငါတို့လဲတစ်နေ့မှာ သေရမယ်ဆိုပြီး သေခြင်းတရားကို ဆင်ခြင်ရမယ်။

ဗုဒ္ဓက သေခြင်းတရားကို ဘာလို့ဆင်ခြင်ခိုင်းလဲဆိုတော့ လူကမသေတော့ဘူးလို့ထင်ရင် အတ္တမာန်မာနတွေကြီးလာတယ်။ ငါလုပ်ရင်ဖြစ်တယ်။ ငါပြောရင်ရတယ်။ ငါလုပ်တာအောင်မြင်ရင် ဒီလိုစိတ်တွေဖြစ်လာတယ်။ အတ္တကြီးရင် ကိုယ့်ကိုကိုယ်ဘဲ ကြည့်ပြီးသူများကိုမကြည့်ဘူး။ ဒီနိုင်ငံမှာအတ္တကြီးစိုးရေးဝါဒ အဖြစ်များတယ်။

ဒီနိုင်ငံမှာသား၊ သမီးတွေ ကိုယ့်အားကိုယ်ကိုး တတ်အောင်သင်ပေးထားတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုး တတ်တဲ့တစ်နေ့ မိဘကိုပစ်ပယ်ထားတာတော့ မကောင်းဘူး။ ဒီမှာမိအို၊ ဖအိုတွေ အထီးကျန် ဖြစ်နေကြတယ်။

အသက်ကြီးလာတဲ့မိဘ၊ ဆရာသမားကို မပစ်ပယ်ကြနဲ့။ မိဘအသက်ထင်ရှားရှိရင် စောင့်ရှောက်ပါ။ အသက်ထင်ရှားမရှိရင်လဲ ကုသိုလ်ကောင်းမှုလုပ်၊ အမျှဝေပါ။

အမေ့အတွက်ကောင်းတာ၊ အပြစ်ကင်းတာ၊ အကူအညီပေးတာတွေလုပ်ပေးပါ။ အပြစ်ကင်းတာလဲ ကုသိုလ်ပဲ။ သူများကို ကူညီပေးတာလဲ ကုသိုလ်ပဲ။ ဒီကုသိုလ်တွေကို အမေ့ကို အမျှဝေပေးပါ။ မြင်နိုင်၊ ကြားနိုင်ရင် အမေသာဓု ခေါ်လိမ့်မယ်။ အမေ့အတွက် အကျိုးရှိပါတယ်။

ဗုဒ္ဓဟောကြားတဲ့ အချက်(၅)ချက် ရှိပါတယ်။
       (၁) အမေ၊ အဖေ သေရင် ကုသိုလ်ကောင်းမှုလုပ်ပါ။
       (၂) အိုမင်း မစွမ်းရှိရင် တာဝန်၊ ဝတ္တရားတွေကို လုပ်ပေးပါ၊ စောင့်ရှောက်ပါ။
       (၃) ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာထဲက ကောင်းတာတွေကို ထိန်းသိမ်းပါ။
       (၄) မိဘပြောစကားကောင်း၊ မှန်၊ အကျိုးရှိတာကိုလက်ခံပါ။ ဘာသာရေးခေါင်းဆောင်များ
              ဟောတာကိုလဲ အကျိုးရှိတာ ကောင်းတာကိုလက်ခံပါ။ စဉ်းစားဆင်ခြင်ပြီး လုပ်သင့်၊ မလုပ်သင့်ဆုံးဖြတ်ပါ။
       (၅) မိဘကောင်းမွေတွေကို ရအောင်ယူပါ။ မိဘပြောဆို၊ ပြုမှု၊ နေထိုင်မှုကောင်းတာ၊ ကိုယ်ကျင့်တရား
              ကောင်းတာတွေကိုအတုယူပါ။

ဒါဆိုရင် အမေ ရောက်တဲ့ဘုံက မြင်နိုင်၊ ကြားနိုင်ရင် ဝမ်းသာလိမ့်မယ်။

လူတော်၊ လူကောင်း အင်္ဂါရပ်များနဲ့ ပတ်သက်လို့ ဘုရားဟောတာက ကိုယ်ကျင့်တရား ကောင်းရမယ်။ တစ်နည်းအားဖြင့် ငါးပါးသီလလုံရမယ်။ ပြီးတော့ အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး ဝေဖန်တတ်တဲ့ ဉာဏ်ရှိရမယ်။ တစ်နည်း အသိအလိမ္မာဉာဏ်ပညာနဲ့ ပြည့်စုံရမယ်။

ဒီ(၂)ချက်အပြင် ဘုန်းကြီး အယူအဆအရ ဒီနိုင်ငံကအသိအမှတ်ပြုတဲ့ လောကီဘွဲ့ကိုရအောင် ယူမှကောင်းမယ်။ ဒီ(၃)ချက်နဲ့ ပြည့်စုံရမယ်။

ဘုန်းကြီး ဒကာမတစ်ယောက် သက်မွေးပညာတတ်ပြီး ဝင်ငွေများစွာရတယ်။ ဒါပေမယ့် Casino တွေမှာ လောင်းကစားလုပ်တော့ မချမ်းသာဘူး။ ဒါ့ကြောင့် ကိုယ်ကျင့်တရားနဲ့ အသိအလိမ္မာဉာဏ်ပညာ မရှိရင်ဆင်းရဲတတ်တယ်။

ကိုယ်ကျင့်တရားကောင်း၊ အသိအလိမ္မာဉာဏ်ပညာ ရှိပေမယ့် လောကီပညာမတတ်ရင်လဲ ဆင်းရဲတတ်တယ်။

ဒီတော့ ခေတ်ပညာတတ် ဖြစ်အောင်တော့လုပ်စေချင်တယ်။

ဘုန်းကြီး ကိုယ်တွေ့အရ ဘာဝါသနာပါတယ်ဆိုတာ ငယ်တဲ့အရွယ်မှာ မသိခဲ့ဘူး။ ဘုန်းဘုန်း အသက်(၅၆)နှစ်ရှိ ပြီ။ စာချ၊ တရားဟော၊ စာရေးတာတွေ ဝါသနာပါတယ်ထင်ခဲ့ပေမယ့် တကယ်တော့ တရားကျင့်တာကို ပိုဝါသနာပါတယ်။

လောကီပညာနဲ့ ပတ်သက်လို့ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပထမဘွဲ့ရအောင်ယူပါ။ ကိုယ့်လုပ်ငန်းကို ပိုင်နိုင်ကျွမ်းကျင်ပြီးမြောက်အောင်လုပ်ပါ။ ကိုယ်ကျင့်တရားကောင်းအောင် နေစေ့ချင်တယ်။
အသိအလိမ္မာဉာဏ်ပညာရှိအောင် စာတွေ့၊ လက်တွေ့ လေ့လာပါ။ ကောင်းရာကောင်းကြောင်း ဆိုဆုံးမသူတွေရဲ့ စကားနားထောင်ပြီး ကျင့်သုံးကြည့်ပါ။ ကိုယ့်အတွက် အကျိုးရှိမယ်၊ စိတ်ချမ်းသာမှု ရှိမယ်ဆိုရင်ယူပါ။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တဲ့ အကျင့်လုပ်ပါ။ ဒီလိုဆိုရင် လောကမှာ နေထိုင်တတ်ပြီး  တိုးတက်အောင်မြင်မှု ရနိုင်ပါမယ်။ ဒါမျိုး ဖြစ်စေချင်ပါတယ်။

ဘုန်းကြီးက အဖေ၊အမေ ကိုယ်စား ပြောပြတာဖြစ်တယ်။

နောက်တစ်ခုက ပြသနာတွေ့လာရင် ရှောင်ပြေးလို့မရဘူး။ ပြေးနေရင်မပြီးတော့ဘူး။ ဒီနေရာမှာ ပြသနာတွေ့ရင် ဒီနေရာမှာ ရင်ဆိုင်ဖြေရှင်းပါ။ ကြောက်လို့ ရှောင်ပြေးရင် မအောင်မြင်တော့ဘူး စသည်အားဖြင့် သားများနဲ့သမီးကို မေတ္တာ၊ ဂရုဏာ ကြီးမားစွာဆုံးမ ဩဝါဒပေးကာ ဟောကြားတော်မှုပါတယ်။

ပြီးတော့ ငွေစန္ဒာအတွက် ရည်စူးပြုလုပ်တဲ့ ကောင်းမှုကုသိုလ်တွေကို ရေစက်ချ အမျှပေးဝေပါတယ်။ ဆရာတော့်ကို ကျွန်တော်တို့မိသားစုက ဝါဆိုသင်္ကန်း၊ ဓမ္မာရုံဆောက်လုပ်ရန် အလှူတော်ငွေ၊ Centrum 50+ အားဆေးနဲ့ နဝကမ္မအလှူတော်ငွေတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ သံဃာတော်များအတွက် နဝကမ္မအလှူတော်ငွေများကိုလဲ လှူဒါန်းဆက်ကပ်ခဲ့ပါတယ်။

အထူးသဖြင့် လူငယ်များမှတ်သား၊ လိုက်နာ၊ ကျင့်ကြံ၊ အားထုတ်ရမယ့် အနှစ်သာရပြည့်ဝတဲ့ တရားတော်များအတွက် ဆရာတော်ကို ကျေးဇူးအခါခါ တင်ရပါတယ်။ ဆရာတော်ရဲ့ ခြေတော်အစုံကို ဦးတိုက်ရင်း ရိုကျိုးစွာကန်တော့ လိုက်ပါတယ်။          ။



ငွေစန္ဒာ မိသားစု

2 comments:

  1. အစ်မငွေစန္ဒာတောင် သုံးနှစ်ပြည့်သွားပြီနော် မြန်လိုက်တာ...စိတ်ထဲမှာ မနေ့တနေ့ကလိုပဲ...။ ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူမိသားစုက အမြဲအမှတ်ရ ကုသိုလ်ကောင်းမှုပြုပေးတာကြောင့် အစ်မတစ်ယောက် ကောင်းမွန်ရာဘုံဘ၀မှာစံပျော်နေမှာပါ...။

    ReplyDelete
  2. လူတော်၊ လူကောင်း အင်္ဂါရပ်များနဲ့ ပတ်သက်လို့ ဘုရားဟောတာက ကိုယ်ကျင့်တရား ကောင်းရမယ်။ တစ်နည်းအားဖြင့် ငါးပါးသီလလုံရမယ်။ ပြီးတော့ အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး ဝေဖန်တတ်တဲ့ ဥာဏ်ရှိရမယ်။ တစ်နည်း အသိအလိမ္မာ၊ ဥာဏ်ပညာနဲ့ ပြည့်စုံရမယ်။

    ReplyDelete