Tuesday, January 10, 2012

ငွေစန္ဒာ ၆ လပြည့် အမှတ်တရ

 ငွေစန္ဒာသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၄ရက်နေ့က ဘဝတစ်ပါးသို့ပြောင်းသွားရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၄ရက်နေ့က ၆လပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ 

ငွေစန္ဒာကိုအောက်မေ့ တသ၊ သတိရသောအားဖြင့် ငွေစန္ဒာကိုယ်တိုင် ရေးသားခဲ့ပြီး ဘလော့အပေါ် မတင်ဖြစ်ခဲ့သော ဆောင်းပါးတပုဒ်ကို ကျန်ရစ်သူ မိသားစုက ဖော်ပြလိုက်ပါသည်။
  
အိမ်နောက်ဖေးကကြောင်လေးများ

တနေ့ကျမအသံတခုကြားရတယ်၊နှာချေသံပေါ့၊ဟတ်ချိုး၊ဟတ်ချိုးဆိုပြီးတော့။ ကျမလန့်သွားခဲ့တယ်။
သံတံခါးနှစ်ထပ်ပိတ်ထားရဲ့နဲ့အိမ်ရှေ့ဝရန်တာကိုလူဘယ်လိုဝင်လာပါလိမ့်ပေါ့။ ကြောက်ကြောက်နဲ
 ချောင်းကြည့်တော့လူမဟုတ်ဘူး၊ကြောင်လေးတကောင်ဖြစ်နေတယ်လေ။အဆက်မပြတ်ကိုနှာချေနေတာ။
အဲဒီနေ့ကစပြီးသူတို့နဲကျမမိတ်ဆွေဖြစ်သွားခဲ့တာ၊ခုထိပေါ့။သူတို့ဆိုတာကြောင်ကလေးသုံးကောင်ပေါ့၊
တကောင်ကတကိုယ်လုံးမဲနေတဲ့ကြောင်မဲမလေး၊နောက်နှစ်ကောင်ကအယ်ဘီးနိုးဖြူစုတ်စုတ်ကြောင်ကလေး
 တွေ၊သုံးကောင်လုံးရုပ်ဆိုးလေးတွေ၊ကျမဒီအိမ်ကိုမရောက်ခင်ကတည်းကသူတို့လေးတွေဒီအိမ်မှာရှိနေခဲ့တာ။
ဘယ်သူမွေးထားတယ်ဆိုတာတော့မသိဘူး။
ကြောင်ဖြူလေးနှစ်ကောင်ကညောင်ညောင်လို့မအော်တတ်ဘူးမျက်စေ့ကလည်းသိပ်မြင်ရပုံမပေါ်ဘူး။
ဒါပေမဲ့နှာချေ၊ချောင်းဆိုး၊အီးပေါက်တာတော့လူအတိုင်းပဲ။ကျမအဲလိုကြောင်မျိုးခုမှတွေ့ဘူးတာ။
ကြောင်မဲမလေးကျတော့တမျိုးသူကိုယ်ဝန်ဆောင်တာတွေ့တာသုံးခါရှိပြီ။ဒါပေမဲ့ကြောင်ကလေးတွေ
တကောင်မှမတွေ့လိုက် ရဘူး။ဘယ်နားမွေးပြီး၊ဘယ်ရောက်သွားမှန်းမသိဘူး။ 
သုံးကောင်လုံးကချစ်စရာလုံးဝမကောင်းပါဘူးရုပ်ဆိုးလေးတွေ၊သမီးလေးကကြောင်ဆိုမကြိုက်တော့
အိမ်ထဲအဝင်မခံပေမဲ့၊ကျမကသူတို့ကိုသနားလို့နေ့တိုင်းတနေ့ကိုသုံးခါ ကျွေးနေတော့ခုဆိုသူတို့က 
နောက်ဖေးဝရန်တာလေးမှာပဲနေတော့တယ်။ဗိုက်ဆာရင်ကြောင်မဲမလေးကတညှောင်ညှောင်နဲ့ပေါ့။
ဟိုနှစ်ကောင်ကမအော်တတ်ဘူးလေ။သူတို့ကထမင်းလည်းမစားတတ်ဘူး။ထမင်းနဲ့ဟင်းနယ်ကျွေးရင်
ထမင်းတွေချန်ခဲ့တယ်။ပေါင်မုန့်နဲ့ဟင်းဆိုရင်တော့ကုန်အောင်စားတယ်။ဈေးဝယ်ရင်သူတို့အတွက်ပါ ငါးသေတ္တာဘူးတွေနဲ့ပေါင်မုန့်တွေဝယ်ထားရတယ်။ခုတခါကြောင်ဖြူမလေးတကောင်နဲ့ကြောင်မဲမလေးက
ဗိုက်ကြီးနေပြန်ပါရောလား။တနေ့မှာလုံခြုံရေးအဖိုးကြီးကိုကျမကမေးကြည့်တယ်။ကြောင်ကလေးတွေ
ခဏခဏဗိုက်ကြီးပြီးသူတို့မွေးတဲ့ခလေးတွေဘယ်ရောက်သွားလဲဆိုတော့၊ညညဆိုနောက်ဖက်ခြံကခွေးတွေ
ဝင်ပြီးလာစားသွားတာတဲ့။ကျမတော်တော်စိတ်မကောင်းဖြစ်သွားတယ်။အဲလိုနဲ့သူတို့မွေးရင်ခွေးရန်
ကလွတ်အောင်၊အိမ်မှာပဲမွေးရင်ကောင်းမှာပဲဆိုပြီးနောက်ဖေးဝရန်တာမှာဇလုံကြီးကြီးထဲအဝတ်ခင်းပြီးချ
ထားပေးလိုက်တယ်။ငွေစန္ဒာတို့ကိုယ့်ဟာကိုယ်အလုပ်ရှုပ်နေရတဲ့အထဲ ကြောင်သားဖွါးခန်းဖွင့်လိုက်တာပေါ့။
မကြာပါဘူးကြောင်နက်မလေးကကြောင်လေး၃ကောင် မွေးပါတယ်။အိမ်နောက်ဖေးဝရန်တာကိုခွေးကမဝင်နိုင်
ဘူးဆိုတော့၊သူတို့သားအမိတွေအတွက်စိတ်ချနေတာပေါ့နော်။တညမှာတော့ကြောင်နက်မလေးရဲ့အော်သံနဲ့
 ကြောင်တွေရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေကြားလိုက်တယ်။ခါတိုင်းလည်းကြောင်တွေကတခါတရံအဲလို
ပဲကိုက်နေကြတာဆိုတော့ထမကြည့်လိုက်မိဘူး။မနက်မှကြည့်လိုက်တော့ကြောင်လေးတစ်ကောင်ကိုစား
ထားတဲ့အပိုင်းအစတွေပဲတွေ့ရတယ်။ကျန်တဲ့ကြောင်လေး၂ကောင်ကိုတော့သူ့အမေကချောင်လေးထဲမှာဖွက်
ထားတယ်။

 ဆောင်းပါးအဆက် (ငွေစန္ဒာ မိသားစု) 

ကျန်တဲ့ကြောင်လေးနှစ်ကောင်ကိုအန္တရာယ်ကင်းစွာကြီးပြင်းအောင်ဆက်လက်ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ 
တကောင်က အနက်ရောင်၊ ကျန်တကောင်က မီးခိုးရောင်လေးပါ။ 
ငွေစန္ဒာ မကျန်းမာစဉ်အခါကလည်း နေ့ဖက်အိမ်မှာတယောက်ထဲကျန်ခဲ့စဉ် ကြောင်လေးတွေကသူမကို
အဖော်လုပ်ပေးခဲ့ပါတယ်။ 
ကြောင်လေးတွေ ပြေးလွှားဆော့ကစားတတ်တဲ့ အချိန်မှာ ကြောင်နက်ကလေးပျောက်သွားပါတော့တယ်။
နောက်မှ အိမ်ရှေ့ကားလမ်းမှာ ကားကြိတ်လို့ သေသွားတယ်ဆိုတာ အိမ်လာလည်နေကျသူငယ်ချင်း ဆရာဝန်မ ပြောလို့သိလိုက်ရတော့ အတော် စိတ်မကောင်းဖြစ်သွားရတယ်။
မရှေးမနှောင်းမှာဘဲ နည်းနည်းအိုနေတဲ့ ကြောင်ဖြူမ တကောင်ကို ခွေးတွေဝိုင်းကိုက်ပြီးစားပြစ် လိုက်ပါ ရောလား။ ငွေစန္ဒာ မိသားစုလည်း ဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
မကြာခင်မှာဘဲကျန်တဲ့ ကြောင်ဖြူမကတစ်နေရာမှာ ကြောင်လေးတွေမွေးပြီးလမ်းလျှောက် နိုင်တဲ့အရွယ်
မှာ သူ့ကလေးတစ်ကောင်ကိုခေါ်လာခဲ့လို့ ဒီနေ့အထိ ကြောင်နက်မသားအမိနဲ့  ကြောင်ဖြူမသားအမိတို့ကို တစ်နေ့သုံးကြိမ် စေတနာသန့်သန့်နဲ့ ကျွေးမွေးနေပါတယ်။
ကြောင်တွေကိုအစာကျွေးတဲ့အခါတိုင်း ငွေစန္ဒာ မှာကြားသွားသလို 'သတ္တဝါများ အဟာရနှင့်ပတ်သက်၍ ဆင်းရဲခြင်းမှ ကင်းဝေးရပါလို၏။' လို့ နှစ်နှစ်ကာကာဆုတောင်းပေးပါတယ်။
ငွေစန္ဒာတို့ မိသားစုလဲတူသောအကျိုးကိုခံစားရပါတယ်။ အစာအဟာရနဲ့ပတ်သက်လို့ပူပင်ကြောင့်ကြစရာမလိုဘဲအမြဲ ပြည့်စုံခဲ့ပါတယ်။
မိသားစုအပေါ်ကျေးဇူးကြီးမားခဲ့သော ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် ငွေစန္ဒာရဲ့
"အိမ်နောက်ဖေးကကြောင်လေးများ" ဆောင်းပါးအဆက်ကိုတင်ပြလိုက်ရပါတယ်။










 

10 comments:

  1. Thank you so much for sharing. It couldn't imagine how much the family misses Ma Ma Ngwe Sandar.
    Mon Petit Avatar

    ReplyDelete
  2. အော်ဘာလိုလိုနဲ.ညီမလေးခွဲခွာသွားတာ(၆)လတောင်ပြည်.ပြီနော်။ အခုဆိုရင်သူ ကောင်းရာဘုံဘ၀ရောက်ရှိနေမှာပါ။

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်ရှင်။ မငွေစန္ဒာရဲ့ မပြီးသေးတဲ့စာလေးရော နောက်ဆက်တွဲလေးပါဖတ်ရ သိရတဲ့အတွက်။
    အိုင်အိုရာ

    ReplyDelete
  4. Thanks for sharing.Time pass quickly already 6 months for occupied people.Sis Ngwe Sandar may rest in peace.
    Gyidaw

    ReplyDelete
  5. ဒီဆောင်းပါးလေးဖတ်ရင်း စိတ်မကောင်းဖြစ်မိတယ်...
    ငွေစန္ဒာလည်း ဒီဆောင်းပါးလေးကို ဖတ်နေလေမလား...
    စိတ်ကောင်းရှိသူတစ်ဦးမို့ မြင့်မြတ်တဲ့ ဘုံဘ၀ကို ရောက်မှာ သေချာပါတယ်။

    ReplyDelete
  6. အစ်မငွေစန္ဒာ ဆုံးပါးသွားတာ ၆ လ ပြည့်ခဲ့ပြီကိုး။ သတိရနေပါတယ် အစ်မရေ...။ အစ်မ ဘလော့ဂ်လေးကိုလည်း ခဏ ခဏ လာကြည့်တတ်တယ်။ အမြဲ စိတ်ကောင်းစေတနာ ရှိပြီး ခင်မင်ဖွယ် ကွန်မန့်လေးတွေ လာ လာ ပေးတတ်တဲ့ အစ်မကို သတိရပါတယ်။

    ကြောင်လေးတွေ အကြောင်း ဖတ်ပြီး စိတ်မကောင်းဘူး။ ခွေးတွေကလည်း ကြောင်ပေါက်စလေးတွေကို စားပစ်ရတယ်လို့။ ရို့စ်လည်း ကြောင်ချစ်တယ်။ ခွေးမချစ်ဘူး။ အစ်မငွေစန္ဒာ ကောင်းရာဘုံဘ၀ ရောက်ပါစေရှင်။

    ReplyDelete
  7. ကွယ်လွန်ဆုံးပါးသွားတာ ၆လပြည့်ပြီ ဖြစ်တဲ့ မငွေစန္ဒာ
    စိတ်နှလုံးကောင်းမွန်သူဖြစ်လို့ ကောင်းရာမွန်ရာ ဘုံဘဝမှာ ရောက်ရှိနေလောက်ပါပြီ
    ဒီပိုစ့်လေးတင်တာ သူတွေ့ရင်လည်း ကျေနပ်ပီတိဖြစ်နေမယ် ထင်ပါတယ်။
    မငွေစန္ဒာမိသားစုလည်း ဆန္ဒအားလုံးပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

    ReplyDelete
  8. အမှတ်တရ လာလည်ရင်းစာဖတ်သွားပါတယ်။

    ReplyDelete
  9. မေတ္တာထားတတ်တဲ့ မမငွေစန္ဒာဘဲနော် ..မမ ကို သတိရလို့ လာဖတ်တာ မိသားစု က ဆောင်းပါးလေးတင်ထားတော့ အတော်ဘဲပေါ့ ။ မမငွေစန္ဒာ က စိတ်ကောင်းရှိသူတစ်ဦးမို့ အေးချမ်း တဲ့ ဘုံဘ၀ကို ရောက်နေမှာ သေချာပါတယ်။

    ReplyDelete
  10. အခုမှ ပထမအကြိမ် လာရောက်ဖူးသူပါ...
    အစ်မငွေစန္ဒာ ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း
    ဆုတောင်းပေးမိပါတယ်...
    ကျန်ရစ်သူမိသားစုသာ အသိမပေးရင်
    ဘလော့ဖတ်သူတွေလည်း သိမှာမဟုတ်ပါဘူး..
    ကျန်ရစ်သူမိသားစုများကိုလည်း ထပ်လောင်းကျေးဇူးတင်ပါကြောင်း
    ပြောကြားပါရစေခင်ဗျာ...
    ထော်ဦး

    ReplyDelete